နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - Myanmar State Counsellor Office
ရန်ကုန်၊ ဧပြီ ၃၀

နိုင်ငံတော်၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်ကို ဧပြီလ ၂၇ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ရာ ယင်းသတ်မှတ်ချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒုသမ္မတများအထက်တွင် ထားရှိထားပြီး ၎င်း၏ အထက်တွင် နိုင်ငံတော်သမ္မတတစ်ဦးသာ ရှိတော့မည် ဖြစ်သည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက် တန်းစီဇယား သို့မဟုတ် ပြည်ထောင်စုအင်္ဂါစဉ်တွင် နိုင်ငံတော် သမ္မတပြီးပါက ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ စသဖြင့် အစဉ်လိုက် ထားရှိခဲ့ရာမှ ယခုအခါ နိုင်ငံတော်သမ္မတ ပြီးပါက ဒုတိယမြောက်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား ထားရှိခြင်း ဖြစ်သည်။

လက်ရှိ ဥပဒေုပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်မှ နေရာယူထားသည့်အပြင် နိုင်ငံခြားရေးနှင့် ပညာရေး ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ပူးတွဲ လုပ်ဆောင်လျက် ရှိသည်။။

ယခင်က ကာကွယ်ရေးဦးစီးချုပ်ပြီးလျှင် တန်းစီဇယားအရ အမြင့်ဆုံးဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ယခုအခါ နံပါတ် ၁၀ အဆင့်သာ ရှိသေးပြီး ယခင်က နောက်တွင်သာ နေရာပေးထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်အား ယခုအခါ အဆင့် ၇ တွင် နေရာပေးထားသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စု အင်္ဂါစဉ်ကို အစဉ်အလိုက် သတ်မှတ်ထားသော်လည်း လက်တွေ့အနေအထားအရ အင်္ဂါစဉ်မြင့်သူအချို့မှာ အင်္ဂါစဉ်နိမ့်သူများ၏ သဘောထားကို မလွန်ဆန်နိုင်ခဲ့မှုများလည်း ရှိသည်။

ဧပြီလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်ထောင်စုအင်္ဂါစဉ်

၁။ နိုင်ငံတော်သမ္မတ

၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

၃။ ဒုတိယသမ္မတ (၁)

၎။ ဒုတိယသမ္မတ (၂)

၅။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

၇။ ပြည်ထောင်စုတရားသူကြီးချုပ်

၈။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၉။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ

၁၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ

၁၁။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၁၂။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ

၁၃။ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ

၁၄။ ပြည်ထောင်စုဝန်ကြီးများ

၁၅။ ပြည်ထောင်စုရှေ့နေချုပ်

၁၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်

၁၇။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ

၁၈။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ

၁၉။ ဝန်ကြီးချုပ်များ

၂၀။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ

၂၁။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

၂၂။ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ

၂၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ

၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ

၂၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ

၂၆။ ဥပဒေကြမ်းကော်မတီ

၂၇။ ပြည်သူ့ငွေစာရင်းကော်မတီ

၂၈။ လွှတ်တော်အခွင့်အရေးကော်မတီ

၂၉။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

၃၀။ တိုင်းမှူးများ

၃၁။ ဒုတိယဝန်ကြီးများ

၃၂။ ဒုတိယရှေ့နေချုပ်

၃၃။ ဒုတိယစာရင်းစစ်ချုပ်

၃၄။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ

၃၅။ နေပြည်တော်ကောင်စီဝင်များ

၃၆။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ

၃၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ

၃၈။ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: