ကလေး၊ ဧပြီ ၂

မဟာသင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်စာများကို ကလေးမြို့နယ်အတွင်း အာဏာပိုင်များက ဧပြီလ ၂ ရက်တွင် ဖြန့်ဝေမှုများပြုလုပ်နေကြောင်း ဒေသခံများက အောက်ချင်းသတင်းဌာနသို့ ပြောသည်။

အဆိုပါ သတိပေးနှိုးဆော်စာတွင် အချက် ငါးချက်ပါဝင်ကာ (၁) ရေပတ်ခံကား မောင်းနှင်သူများအား အရက်သေစာနှင့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန် (၂) မူးယစ်ဆေးဝါး၊ စိတ်ငြိမ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ်အမျိုးမျိုး၊ ပုံစံမျိုးစုံဖြင့် တရားမ၀င် ရောက်ရှိလာသည့် ကာမဆန္ဒ နှိုးဆွစေသော ဆေးဝါးများအား ကိုယ်တိုင်သောက်သုံးခြင်းနှင့် မြူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကို သတိပြု ဆင်ခြင်ကြရန် (၃) မိမိပတ်ဝန်းကျင်တွင် အဆိုပါ ဆေးဝါးများ သုံးစွဲရောင်းဝယ်မှုများ ရှိပါက လုံခြုံရေးအဖွဲ့အစည်းထံ တိုင်ကြားရန် စသည့်အချက်များ ပါဝင်သည်။


ယင်း သတိပေးနှိုးဆော်စာများကို ကလေးမြို့ပေါ်တွင်သာမက ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ဖြန့်ဖြူးဝေငှမှုများလည်း ပြုလုပ်လျက် ရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: