ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဦးပိုင်အစုရှယ်ယာများ စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများအား လွှဲပြောင်း

ရန်ကုန်၊ မတ် ၃၁

အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ထားသော်လည်း တပ်မတော်သားများသာ ပါဝင်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းများ အဖွဲ့သို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦပိုင်လီမိတက် ဒါရိုက်တာအဖွဲ့က ကြေညာလိုက်သည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် “က” နှင့် “ခ” အစုရှယ်ယာအဖြစ် ခွဲခြားထားရာ “က” အစုရှယ်ယာအဖြစ် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးမှ ပိုင်ဆိုင်ကာ “ခ” အစုရှယ်ယာကို ရှယ်ယာများကို စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းများ အဖွဲ့များက ထည့်ဝင်ထားခြင်း ဖြစ်သည်။


ဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့၏ “အစုရှင်များ သိရှိစေရန် ကြေငြာခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် “ကုမ္ပဏီကို ဒါရိုက်တာအဖွဲ့နှင့် အစုရှင်များ၏ သဘောတူညီချက်အရ “က” အစုရှင်များ ရှယ်ယာများကို “ခ” အစုရှင်သို့ လွှဲပြောင်းခွင့်နှင့် ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းထားသော အထူးကုမ္ပဏီအဖြစ်မှ ၁၉၁၄ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ တင်ပြခဲ့ရာ ၀န်ကြီးဌာနက ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၀/၂၀၁၆ ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holding Limited) အား ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခွင့်ပြုခဲ့ပါသည်။ သို့ဖြစ်ပါ၍ “က” အစုရှယ်ယာများအား “ခ” အစုရှယ်ယာအဖြစ် လွှဲပြောင်းပြီးစီးကြောင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကုမ္ပဏီမှ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲရပ်တည်ပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” ဟူ၍ ဖော်ပြပါရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ရည်ရွယ်ချက်လေးရပ်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ (၁) တပ်မတော်သားများနှင့် ၄င်းတို့၏ မှီခိုသူ ဇနီး၊ သားသမီးများ သက်သာချောင်ချိရေး (၂) စစ်မှုထမ်းဟောင်းများနှင့် ၄င်းတို့၏ မှီခိုသူ ဇနီး၊ သားသမီးများ သက်သာချောင်ချိရေး (၃) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး (၄) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေးတို့ ဖြစ်သည်။

အရပ်သား မပါသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၉၀ ခုနှစ်က ကျပ်ငွေ ကုဋေ ၂၀၀၀ ဖြင့် မတည်ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာပေါင်း သန်း ၂၀ ခွဲဝေကာ ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီလည်ပတ်ပုံမှာ အစုရှယ်ယာရှင်များအနေဖြင့် ထည့်ဝင်ငွေများ ပြန်လည်ထုတ်ယူခွင့် မပေးသည့် ငွေသေစနစ်ဖြစ်ကာ အမြတ်ငွေအဖြစ် ၁၀၀ ကျပ်လျှင် အတိုး ၃ ကျပ်နှုန်းဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်ထုတ်ပေးသည့် စနစ်ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ အကျိုးအတွက် တည်ဆောက်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်လက်အောက်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ဖက်စပ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းခွဲပေါင်း များစွာရှိကာ ယင်းလုပ်ငန်းခွဲများ လက်အောက်တွင်လည်း သီးခြားကုမ္ပဏီခွဲများစွာ ရှိသေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: