Photo : Myanmar State Counsellor Office
ရန်ကုန်၊ အောက်တိုဘာ ၂၃

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအလို့ငှာ မူဝါဒ ၁၂ ချမှတ်လုပ်ကိုင်ခဲ့သော်လည်း အစိုးရသက်တမ်း ခြောက်လအတွင်း မျှော်လင့်သလောက် စီးပွားရေးမတိုးတက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံလိုက်ပြီ ဖြစ်သည်။

အောက်တိုဘာလ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ၀န်ခံလိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့ရတဲ့ အကြောင်းတွေက တော်တော်များများ ရှိပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် တာဝန်ရှိသူတစ်ဦးက ဦးဆုံး ဖွင့်ပြောလိုက်ခြင်းလည်း ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ဦးတည်လုပ်ကိုင်မည့် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ဇူလိုင်လ ၂၉ ရက်က ထုတ်ပြန်ထားပြီးဖြစ်သော်လည်း မူဝါဒများမှာ ယေဘူယျဆန်ပြီး တိကျရှင်းလင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပါဝင်သည့်အတွက် မည်သို့ လုပ်ဆောင်ရမည်ကိုပင် မသိတော့ကြောင်း စီးပွားရေးနှင့် ဘဏ်လုပ်ငန်းရှင်များက ဝေဖန်ထားကြပြီး မူဝါဒနှင့် ပတ်သက်၍ ဖြေကြားခဲ့ခြင်းများကိုလည်း မိမိကိုယ်တိုင် ကျေနပ်မှုမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုထားသေးသည်။
နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစ အရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင်မြဲနိုင်မယ်...
“ဘာတွေကို ကျွန်မတို့ ဦးစားပေးမှာလဲ၊ ဘယ်မူဝါဒ တွေကို ဦးစားပေးမှာလဲ၊ ဘယ်အချက်အလက်တွေကို အရေးကြီးအနေနဲ့ မြင်သလဲဆိုပြီး မေးတဲ့အခါမှာ ကျွန်မက ဒီမေးခွန်းတွေကို ဖြေဖို့ စဉ်းစားပါတယ်။ စဉ်းစားပြီးတော့လည်း ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အမှန်ပြောရရင် ကျွန်မပေးတဲ့ အဖြေတွေကို ကျွန်မမကျေနပ်ဘူး။ သေသေချာချာ ပြန်ပြီးတော့ စဉ်းစားတယ်။ ကျွန်မတို့ နိုင်ငံအတွက် တကယ့်အရေးကြီးကိစ္စက ဘာလဲ။ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထားရမယ့် အချက်တစ်ချက်တည်း ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ ကျွန်မ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ ကျွန်မ ခေါင်းထဲမှာ ပေါ်လာတာက တကယ်ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးအချက်က ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစ အရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင်မြဲနိုင်မယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲရောက်လာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များအပြင် ပြည်ပမှ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ ထို့ပြင် အနားယူသွားပြီဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်လည်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းအဆက်ဆက်တွင် အာဏာပိုင်များနှင့် နီးစပ်ကာ စီးပွားရေး အခွင့်အလမ်းများ ရယူခဲ့ကြသည့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က - “ဒီအစိုးရမတက်ခင်ကတည်းက အားလုံးသိနေတဲ့၊ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ဘူး ဆိုပေမယ့် သိနေတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ်။ "ခရိုနီ"ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ ပြန့်ပွားနေတဲ့ ခရိုနီ၊ စီးပွား ရေး အောင်မြင်ကျော်ကြားနေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ သူတို့ရဲ့အောင်မြင်မှုအတွက်လုပ်တာ တရားဥပဒေ ဘောင်အတွင်းက လုပ်တာမဟုတ်ဘူး။ အများပြည်သူအတွက် လုပ်တာ မဟုတ်ဘူး ဆိုပြီး ဝေဖန်ချက်တွေရှိပါတယ်။ ဒီလိုဝေဖန်ချက်တွေ ကြားရတဲ့အခါမှာ ကျွန်မ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာ ပြည်သူ ပြည်သားများ အချင်းချင်း ဘာလို့ ဒီလောက် စိတ်ဝမ်းကွဲနေကြပါသလဲ။ ကိုယ့်အတွက်ပဲ လုပ်မယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးများ နိုင်ငံမှာများနေသလား၊ ကိုယ်ကျိုးအတွက်ပဲကြည့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကျွန်မတို့နိုင်ငံမှာ များနေသလား။ ဒီလိုမျိုးတွေရှိနေတယ် ဆိုရင် နိုင်ငံ့အတွက် အင်မတန်မှဝမ်းနည်းစရာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ချက်တစ်ခုက အတိတ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကိုဆက်သွားနိုင်ရမယ်၊ တစ်ချိန် တစ်ခါတုန်းက ကိုယ့် အတွက်ပဲလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ်ချိန်တစ်ခါမှာ အများအတွက်မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေသူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံး အတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစား ခဲ့ပါတယ်။ ကျွန်မကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ဖို့အတွက်ကိုလည်း အခွင့်အရေးတွေပေးပါ့မယ်” ဟုလည်း ပြောဆိုခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: