Photo : Myanmar State Counsellor Office
ရန်ကုန်၊ အောက်တိုဘာ ၁

သမ္မတ ဦးထင်ကျော် ခေါင်းဆောင်နေသည့် NLD အစိုးရ၏ ပထမ ဦးစားပေးလုပ်ငန်းမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးရှိ အစိတ်အပိုင်းအားလုံးအကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် သဟဇာတဖြစ်ရေးကို ဖော်ဆောင်ရန် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်မတို့ အစိုးရသစ်ရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်ကတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ ရှိတဲ့ အစိတ်အပိုင်းအားလုံးအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ သဟဇာတဖြစ်ရေးကို ဖော် ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ခြေလှမ်း တစ်ရပ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကို နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။ ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်ကစလို့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့ရတဲ့ပဋိပက္ခတွေကို နိဂုံးချုပ် အဆုံးသတ်နိုင်ဖို့ ယခင်အစိုးရ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်မတို့အနေနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်ပြီး ကျွန်မတို့ ပြည်သူအားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။

ယင်းမိန့်ခွန်းနှင့် ဆက်စပ်၍ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍လည်း အာဆီယံနှင့် ပြင်ပကမ္ဘာ၏ အာရုံစိုက် ပူပန်စရာ ကိစ္စ ဖြစ်လာနေကြောင်းနှင့် NLD အစိုးရသစ် စတင်ဖွဲ့စည်းချိန်ကလည်း ယင်းစိန်ခေါ်မှုများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းကိုလည်း ယခုကဲ့သို့ ပြောဆိုခဲ့သေးသည်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြားမှာ သဟဇာတဖြစ်မှုနဲ့ နားလည်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ရခိုင်ပြည်နယ် အခြေအနေဟာ ရှုပ်ထွေးနက်နဲပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အာဆီယံဒေသနဲ့ ပြင်ပကမ္ဘာရဲ့ အာရုံစိုက်စရာ၊ စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေပါတယ်။ ကျွန်မတို့ အစိုးရသစ် စတင် ဖွဲ့စည်းချိန်က စတင်ပြီးတော့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု သေချာခိုင်မာစေဖို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို စနစ်တကျ စိစစ်ကြပ်မတ်နိုင်ဖို့၊ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ ကျွန်မကိုယ်တိုင် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံ လေ့လာသုံးသပ်ဖြေရှင်းရာမှာ ကျွန်မတို့ကို ကူညီပံ့ပိုးနိုင်ဖို့အတွက် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုအကြား နားလည်မှုတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် ကျွန်မတို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအသိုင်းအဝိုင်း နှစ်ခုအကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ အခိုင်အမာ ဖြစ်ပေါ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာဒေသတွင်းနိုင်ငံတွေ၊အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးကြဖို့ ကျွန်မအနေနဲ့တောင်းဆိုလိုပါတယ်။ နေ့ချင်းညချင်း အားလုံးကောင်းအောင်၊ ဘက်စုံတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရခိုင်ပြည်နယ်နဲ့ ပြည်တွင်းက ပဋိပက္ခကူးစက်ခံ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူဆောင်ကြဉ်းပေးနိုင်ဖို့အတွက် မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းသွားဖို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံသားအားလုံး ကောင်းကျိုးဖြစ်ထွန်းစေရန် ရေရှည်တည်တံ့သည့် စီးပွားရေး တိုးတက်မှုများ ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသလို နိုင်ငံအတွင်း သဘာဝရင်းမြစ်မျိုးစုံ ပေါများကြွယ်ဝကာ လေ့လာသင်ယူလိုစိတ်ရှိသည့် လူငယ်များ ရှိကြောင်း၊ နိုင်ငံအနေဖြင့် ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ကြီးများတွင် တည်ရှိကာ သမိုင်းအကြောင်းတရားများကြောင့် စီးပွားရေး အလားအလာကောင်းများကို အကျိုးရှိရှိ ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိသေးကြောင်း၊ ယနေ့အချိန်တွင်မူ အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ ပြင်းထန်သည့် ကြိုးစားအားထုတ်မှု၊ ဒေသတွင်းနိုင်ငံများ၏ ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုမိုကောင်းမွန်သည့် အနာဂတ် တည်ဆောက်ရန် အခွင့်အလမ်းများ ရရှိနေပြီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အရေးနှင့် ပတ်သက်၍ ထည့်သွင်း ပြောဆိုခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: