Photo : Pu Thla Hre (ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး) Facebook
ကလေး၊ အောက်တိုဘာ ၂၇

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီဝင်များကို ရွေးချယ်ခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌအား လျှို့ဝှက်မဲပေး ရွေးချယ်ခြင်းအား အောက်တိုဘာလ ၂၇ ရက်က ဟားခါးမြို့တွင် ပြုလုပ်ခဲ့ရာ မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများ ထွက်ပေါ်လာပြီ ဖြစ်သည်။

အဆိုပါ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခြင်းကို “ချင်းပြည်နယ်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေးကော်မတီများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ လမ်းညွှန်သြ၀ါဒခံယူပွဲနှင့် ကတိသစ္စာ ခံယူပွဲအခမ်းအနား” တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒတူဖြင့် သက်တမ်းတစ်ဝက်စီသာ အုပ်ချုပ်ရမည့် မြို့နယ်တစ်ခုလည်း ပါဝင်ခဲ့သည်။

အဆိုပါ မြို့နယ်မှာ ဟားခါးမြို့ဖြစ်ပြီး မဲရရှိမှုရလဒ် တူညီသဖြင့် ဦးခင်မောင်ဝင်းနှင့် ဦးငွန်ဝုန်းတို့ ဥက္ကဋ္ဌရာထူးအား သက်တမ်းတစ်ဝက်စီ ပြုလုပ်ရမည်ဖြစ်ကာ ဖလမ်းတွင် ဦးဒါရ်လျန်အုပ်၊ ထန်တလန်တွင် ဦးရမ်ခါရ်၊ ပလက်ဝတွင် ဦးထွန်းလင်း၊ မင်းတပ်တွင် ဦးတိုင်းလင်း၊ မတူပီတွင် ဦးလိန်းလော၊ တီးတိန်တွင် ဦးဒမ်ခိုဇမ်းတို့ ရွေးချယ်ခံခဲ့ရသည်။

အခြားမြို့နယ်များဖြစ်သည့် တွန်းဇန်တွင် ဦးနိန်းခင်းပေါင်၊ ကန်ပက်လက်တွင် ဦးလှေ့နိုင်၊ ကျီခါးတွင် ဦးဝုံးလမ်ထွန်း၊ ရိဒ်ခေါဒရ်တွင် ဦးရန်ကမ်၊ ရေဇွာတွင် ဦးခိုင်ခူးနှင့် ဆမီးတွင် ဦးခိုလန်းတို့ ရွေးချယ်ခံရသည်။

ပြည်သူတို့၏ မဲပေးမှုဖြင့် ရွေးချယ်ခံခဲ့ရသည့် မြို့နယ်စည်ပင်ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များမှာ နိုဝင်ဘာလ ၁ ရက်မှစတင်ကာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး အစိုးရလစာကို တရားဝင် ခံစားခွင့်ရရှိတော့မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: