Photo : whitehouse.gov
ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူဒဏ်ခက်ရန်အတွက် ချမှတ်ထားသည့် နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာအက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အောက်တိုဘာလ ၇ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း VOA သတင်းဌာနတွင် ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်အတွင်း အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းအရေးပေါ်အက်ဥပဒေအား ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အများစု အနိုင်ရပြီး အရပ်သား အစိုးရ တက်လာခြင်း၊ နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးခြင်း အပါအ၀င် အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုများ သိသာစွာ တွေကလာရသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် အထက်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့သည့် သမ္မတ အိုဘားမား၏ ပေးပို့စာတွင် ဖော်ပြထားသည်။

ယင်းအရေးပေါ်ဥပဒေကို ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ ဒက်ခက်အရေးယူမှုများ ချမှတ်ကာ နှစ်စဉ် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးခြင်းဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့သည့် စစ်အစိုးရနှင့် ဒီမိုကရေစီဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုကြောင့် ချမှတ်ခဲ့သည့် JADE Act များအရ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပျက်ပြယ်ကုန်မည် ဖြစ်သည်။

သို့သော် JADE Act တွင် ပါဝင်သည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ မြန်မာစစ်တပ်အား နိုင်ငံရေး၊ စီးပွားရေးအရ ထောက်ပံ့မှုပေးနေသူများအပေါ် ထားရှိသည့် ပြည်ဝင်ခွင့်တားမြစ်ချက်များမှာမူ ဆက်လက်ရှိနေဦးမည်ဖြစ်ကာ မြန်မာစစ်တပ်အပေါ် အကူအညီအညီပေးခြင်း အပါအ၀င် နိုင်ငံခြား ထောက်ပံ့မှုများအပေါ် ကန့်သတ်ချက်များ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း VOA က ဖော်ပြသည့် အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သမ္မတအိုဘားမား၏ အမိန့်အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် နောက်ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း (ဦး) သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း (ဦး) မောင်အေး၊ ဒုဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးḩာဏ်ဝင်း၊ သီဟသူရ (ဦး) တင်အောင်မြင့်ဦး၊ မောင်ဦး၊ ဦးလွန်းသီတို့ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ဦးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနှင့်
တို့၏ကုမ္ပဏီများအားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: