ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

“ခ” ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်အတွက် ယခင်က ယာဉ်မောင်းသင်တန်းတစ်ခုခုမှ သင်တန်းဆင်းလက်မှတ် ပြနိုင်မှသာလျှင် ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန - ကညန မှ ဖွင့်လှစ်သည့် ပညာပေးတက်ရောက်ရုံဖြင့် ဖြေဆိုခွင့် ပြုတော့မည် ဖြစ်သည်။

ကညနက တစ်ရက်တာ ဖွင့်လှစ်မည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းကို တိုင်းဦးစီးမှူးရုံးတွင် ပြုလုပ်မည်ဖြစ်ကာ တစ်ရက်လျှင် လူဦးရေ ၄၀၀ နှုန်းဖြင့် နံနက် ၈း၃၀ မှ ၁၂း၃၀ အထိ တစ်ကြိမ်နှင့် နေ့လယ် ၁၂း၃၀ မှ ညနေ ၄း၃၀ အထိ တစ်ကြိမ် နှစ်ပိုင်းခွဲ၍ သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းဆင်းလက်မှတ်မပါဘဲ လိုင်စင်ဖြေဆိုမှုကို လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်မှစကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် Online စနစ်ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

ရန်ကုန်တိုင်းမှ မဟုတ်ဘဲ အခြားတိုင်းနှင့် ပြည်နယ်များမှ ထုတ်ပေးထားသော “သ” “က ၁” “က” လိုင်စင်ကိုင်ထားသူများအနေဖြင့် ရန်ကုန် ကညနရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီးမှသာ သင်တန်းတက်ရောက်ရန် Online Booking လျှောက်ထားနိုင်မည်ဟုလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ယခင်က နည်းအမျိုးမျိုးဖြင့် ယာဉ်မောင်းနှင်ခြင်း တက်ထားသူများမှာ လိုင်စင်ဖြေဆိုရန်အတွက် သင်တန်းဆင်းလက်မှတ်ကို ခွင့်ပြုချက်ရထားသည့် ပုဂ္ဂလိကယာဉ်မောင်းသင်တန်းများမှ သင်တန်းဆင်းလက်မှတ်ကို ကျပ်ငါးသောင်းခန့်ဖြင့် ရယူ လျှောက်ထားရလေ့ ရှိသည်။

ပုဂ္ဂလိက မော်တော်ယာဉ်မောင်းသင်တန်းများတွင် သင်တန်းတက်မည်ဆိုပါက သင်တန်းအလိုက် ကျပ် ရှစ်သောင်းခန့် ကုန်ကျမည် ဖြစ်ကာ သင်တန်းဆင်းလက်မှတ်လည်း ရရှိမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: