ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ဦးညီညီမှာ ၎င်း၏ သဘောဆန္ဒအလျောက် ဇန်န၀ါရီလ ၃၁ ရက်မှစ၍ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

ယင်းသို့ နုတ်ထွက်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃၁ နှင့် နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များအရ နုတ်ထွက်စာ တင်ခဲ့သည့်အတွက်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြေခံဥပဒေ ပုဒ်မ ၃၃၁ တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။

ခုံရုံးအဖွဲ့ကို ယခင်က ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင် ရှစ်ဦး၊ စုစုပေါင်း ကိုးဦးဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်က ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ခုံရုံး၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ၇ ခု ခွဲခြားထားသည်။

၎င်းတို့မှာ (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ (ခ)  ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိ-မရှိ စိစစ်ခြင်း၊ (ဂ)  ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်း၊ (ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို  ဆုံးဖြတ်ခြင်း၊ (င) တိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်  သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များ နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့်  အငြင်းပွားမှုများကို  ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုနယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့်ကိစ္စရပ်များကို စိစစ် ဆုံးဖြတ်ခြင်း နှင့် (ဆ)  ပြည်ထောင်စုလွှတ်တော်က  ပြဌာန်းသည့် ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များ တို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: