ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်းသို့ မီးလောင်ပေါက်ကွဲစေသော ဓာတ်ဆီပုလင်းဖြင့် ပစ်သွင်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြေညာလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီခွဲခန့်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ဝင်းအတွင်းသို့ မီးလောင်စေသော ဖန်ပုလင်းတစ်လုံးအား ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ခြံဝန်းအတွင်းရှိ ခြံစောင့်တဲအနီး ရေပိုက်တစ်ခုသာ မီးစွဲလောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကာ ပြစ်မှုကျူးလွန်သူမှာ အသက် ၄၀ နှစ်ခန့် အရွယ်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်ခဲ့သူမှာ အရပ် ၅ ပေ ၅ လက်မခန့်ရှိသော အသက် ၄၀ ခန့်အရွယ်ဖြစ်ကာ ဆံပင်နက်တို၊ အသားညိုကာ ခန္ဓာကိုယ်ဝသူဖြစ်ပြီး တိုက်ခိုက်စဉ်က တီရှပ်ပန်းရောင်နှင့် ပလေကပ်လုံခြည် အပြာကွက်ကျဲကို ၀တ်ဆင်ထားသူဟု ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

ယင်းတိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ ဗဟန်းမြို့မရဲစခန်းတွင် ပ/၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိပြီး တိုက်ခိုက်မှုဖြစ်စဉ်အတွက် သံသယရှိသူ၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးမိရေးအတွက် ကူညီစုံစမ်း သတင်းပေးကြရန်လည်း အများပြည်သူသို့ မေတ္တာရပ်ခံထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: