ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အသက် ၁၉ နှစ်အရွယ် ယူကရိန်းနိုင်ငံသား ဆိုရိုကင်နှင့် မြန်မာနိုင်ငံသား တူးတူးတို့ ထိုးသတ်ကြမည့် World Lethwe Championship - WLC4 ပွဲစဉ်တွင် တံတောင်ဖြင့် အလဲထိုးနိုင်ပါက မူလထိုးကြေးအပြင် အပိုဆုကြေး သိန်း ၂၀ ထပ်ဆောင်းချီးမြှင့်သွားမည် ဖြစ်သည်။

နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ (ခ) တွင် ဖေဖော်ဝါရီလ ၁၇ တွင် ပြုလုပ်မည့် အဆိုပါ WLC-4 ပွဲစဉ်တွင် ပွဲစဉ်ပေါင်း ၇ ပွဲ ပါဝင်မည်ဖြစ်ကာ ပွဲစဉ်တိုင်းအတွက် အပိုဆုကြေးများ ချီးမြှင့်သွားမည်ဖြစ်ကာ အလဲထိုးနိုင်သူဖြစ်ပါက ကျပ် ၁၀ သိန်းလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

တွဲဆိုင်းများအဖြစ် WLC မစ်ဒ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုရှင် တူးတူးနှင့် ဆိုရိုကင်တို့၏ အထူးပွဲ၊  ဒုတိယအဓိကပွဲဖြစ်သည့် စောဘဦး (တောင်ကလေး) နှင့် သပြေညို (ရွှေဘားလား၊)တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ တူးတူးမှာ သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အနိုင်ရရှိကာ မစ်ဒစ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ရရှိထားသူ ဖြစ်သည်။

ခါးပတ်လု အထူးပွဲနှင့် ပတ်သက်၍ “ဘက်တူရင် လူမရွေးဘူး၊ အရွယ်တူရင် စံပယ်ဖြူ ပန်သွားစေရမယ်WLC မစ်ဒယ်ဝိတ်ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ဘယ်နိုင်ငံခြားသား လက်ထဲမှ အပါမခံဘူး” ဟု တူးတူးက ပြောဆိုထားသည်။
ထို့ပြင် လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ဗထူးမောင် (ရတနာပုံ) နှင့် ကျော်ဇင်လတ် (T&T သထုံ) အတွဲ၊ စောဒါဝိတ် (တောင်ကလေး) နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး) အတွဲတို့ ထိုးသတ်မည် ဖြစ်သည်။

ဖယ်သာတန်းတွင် ကမ္ဘောဒီးယားနိုင်ငံသား နိုဆရီပေါ့ Nou Srey Pov နှင့် ရွှေစင်မင်း (မြန်မာ)၊ လိုက်ဝိတ်တန်းတွင် ချစ်မောင်မောင် (တောင်ကလေး) နှင့် စည်သူ (T&T သထုံ)၊ လိုက်ဝယ်တာတွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်) နှင့် လက်သီးမိုး (T&T သထုံ) တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ပွဲစဉ်စုစုပေါင်း ခုနစ်ပွဲ ပါဝင်မည့် WLC-4 လက်ဝှေ့ပွဲအတွက် ၀င်ရောက်ကြည့်ရှုခွင့် လက်မှတ်ဈေးနှုန်းများကို ကျပ် ၅၀၀၀၊ ကျပ် ၂၅,၀၀၀ နှင့် ၅၀,၀၀၀ ကျပ်ဟူ၍ နေရာအလိုက် သုံးမျိုး ခွဲခြားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: