ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး (Photo : U Than Htay's Facebook)
ရန်ကုန်၊ နိုဝင်ဘာ ၁

၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့တွင်သာ နေရာရရှိခဲ့သည့် ကြံ့ခိုင်ရေးပါတီမှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် အောက်တိုဘာလ ၂၄ ရက်က ရေးသားထားသည်။

စစ်ဗိုလ်ချုပ် အငြိမ်းစားများ အဓိက ဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီမှာ ပြည်သူ့ပါတီအဖြစ် ခံယူထားကြောင်းကိုလည်း အောက်တိုဘာလ ၃၁ ရက်က ယခုကဲ့သို့ ရေးသားထားပြန်သေးသည်။

“ပြည်သူ့ပါတီခံ အဖြစ် ခံယူထားတာကြောင့် အမျိုးဘာသာ၊ သာသနာနှင့် တိုင်းပြည်လုံခြုံရေး စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေး ကဏ္ဍများနှင့် ပြည်သူများအား ထိပါးလာပြီဆိုပါက ပြည်သူလူထု ရှေ့ဆုံးတွင် ရပ်တည်ပြီး ကာကွယ်သွားမည်"

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီအလိုက် ဒုတိယနေရာအများဆုံး ရထားသည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ၎င်းတို့ပါတီအား အတိုက်အခံအနေဖြင့် ခံယူထားမှုကိုလည်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာလ ၁၇ ရက်က ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုထားသေးသည်။

"လက်ညှိုးထိုးပြောမယ်၊ အဲ့ဒီ တိုင်းပြည် တစ်စိတ်စီ တစ်စစီ ဖြစ်သွားမလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ရဲ့ နေ့စဉ်လူမှုဘဝတွေ ခြိမ်းခြောက်ခံ နေရပြီလား။ ကျွန်တော်တို့ပြောမယ်၊ ခင်ဗျားတို့ ထမင်းငတ်တော့မလား၊ အစိုးရဘာလုပ်နေလဲ။ ကျွန်တော်တို့ လက်ညှိုးထိုးပြီးတော့ မေးပြီ"

ထို့ပြင် အောက်တိုဘာလ ၂၁ ရက်ကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် “လက်ရှိအချိန်မှာ ကိုယ်တွေက အတိုက်အခံပါတီဆိုပေမယ့် ယခင်အစိုးရလက်ထက်က အတိုက်အခံလို အစိုးရလုပ်သမျှ လက်ညှိုးထိုး ကန့်လန့်တိုက်နေမှာတော့ မဟုတ်ဘူး” ဟုလည်း ရေးသားထားပြန်သည်။
တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့...
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် လူငယ်များအပေါ် အလေးထားကြောင်းကိုလည်း “မျိုးဆက်သစ်လူငယ်တွေကို ပါတီရဲ့ အနာဂတ်အတွက် အားကိုးတယ်...။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်စေချင်ဘူး။ တိုင်းပြည်ရဲ့အနာဂတ်အတွက် အမျိုးသားရေးကို အလေးထားကြပါ” လို့ အောက်တိုဘာလ ၂ ရက်က တိုက်တွန်းထားသလို စက်တင်ဘာလ ၃၀ ကလည်း “ကျွန်တော်တို့ပါတီက အမျိုးသားရေးလုပ်တယ်။ နိုင်ငံရေးဆိုလည်း အမျိုးသားနိုင်ငံရေးပဲ အဓိကထား လုပ်ကြတာပဲ။ ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်။ ပုဂံမှာ ကျွန်တော်တို့ ကလေးတွေဆိုလည်း ကြည့်… ပရဟိတလုပ်ငန်းတွေ လုပ်ကြတယ်။ ကောင်းတာလုပ်တာပဲ ဘာကိုမှ စောင့်နေစရာမလိုဘူး။ ကျွန်တော် ရောက်သွားတယ် ဘုရားပြင်ဖို့တောင် ခိုင်းထားခဲ့တယ်။ တိုင်းပြည်အတွက်လုပ်တာ၊ ဘာသာသာသနာအတွက်လုပ်တာ ရဲရဲလုပ်။ နိုင်ငံရေးအရ ပါတီကို သစ္စာမဖောက်ရင်ပြီးရော ကိုယ့်ညီတို့။ လွတ်လပ်စွာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဒါလေးတွေ ကျွန်တော်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ခွင့်ပြုထားပါတယ်” လို့ ရေးသားထားပြန်သည်။

သို့သော် ပါတီအပေါ် သစ္စာဖောက်ခြင်းဆိုသည့် ကိစ္စရပ်နှင့်မူ မည်သို့သော ကိစ္စရပ်များ ဖြစ်သည်ကိုမူ မရေးသားထားပေ။

၂၀၁၆ ခုနှစ် သြဂုတ်လ တတိယပတ်တွင်းက ပြုလုပ်သည့် ကြံ့ခိုင်ရေး ဒုတိယအကြိမ် ပါတီညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးသန်းဌေးမှာ ရွေးချယ်ခံရပြီး ရက်ပိုင်းအနည်းငယ်အကြာ သြဂုတ်လ ၂၅ ရက်တွင် ယခုကဲ့သို့ ရေးသားထားသည်။
ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်...
"စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက်သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ် - သန်းဌေး (ဥက္ကဋ္ဌ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”

ကြံ့ခိုင်ရေးဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာနဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်တို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာ ဦးဝင်းထိန်က ၎င်းနှင့် ပတ်သက်၍ မှတ်ချက်ပေးထားသည်ကို မြန်မာသံတော်ဆင့်က ယခုကဲ့သို့ ကောက်နုတ်ဖော်ပြထားသည်။

“ဦးသန်းဌေး။ သူက နိုင်ငံရေးသမား မဟုတ်ဘဲ။ နိုင်ငံရေးမှ နားမလည်တာ။ ပြောချင်တာတွေ လျှောက်ပြောနေတာ။ သနားတော့ သနားပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထု ထောက်ခံမှ ရတာ။ ပြည်သူလူထု ထောက်ခံအောင် သူတို့ မလုပ်တတ်ဘူး။ ဒါပဲ။ သူတို့ ချို့ယွင်းချက်က…”
နိုင်ငံရေးသမားဆိုတာ ထောင်သက်နဲ့ တွက်ရတယ်လို့ ထင်နေရင်တော့ ဘာမှ မပြောလိုတော့ပါဘူး...
ယင်းစကားရပ်နှင့် ပတ်သက်၍ ဦးသန်းဌေးက “နိုင်ငံရေးသမားဆိုတာ ထောင်သက်နဲ့ တွက်ရတယ်လို့ ထင်နေရင်တော့ ဘာမှ မပြောလိုတော့ပါဘူး” ဟု လူမှုကွန်ရက် ဖေ့ဘုတ်ပေါ်တွင် သဘောထားမှတ်ချက် ပေးထားသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ တပ်ဘက်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်ဘက်တွင်မူ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: