ကလေး၊ နိုဝင်ဘာ ၃

အစိုးရ၀န်ကြီးဌာနက စီမံကိန်းအလို့ငှာ သိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပင်လုံရပ်ကွက်ရှိ မြေ ၀ ဒသမ ၁၅၀ ဧကအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ပွဲကို နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါမြေ၏ မူလပိုင်ရှင်မှာ ဦးပေါ်ဇယမ်းဆိုသူဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကတည်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယခုအခါသားဖြစ်သူမှ အထောက်အထား ခိုင်လုံစွာဖြင့် ပြန်လည်ရယူလိုကြောင်း တင်ပြခဲ့သည့်အပေါ် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၁၆) အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလပိုင်ရှင်ထံ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သိမ်းဆည်းမြေ ပြန်လည်ပေးအပ်ပွဲကို သိမ်းဆည်းထားသည့် အဆိုပါမြေပေါ်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလမြေပိုင်ရှင်၏ မိသားစုဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မြေပိုင်ဆိုင်ခွင့်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား မူလမြေပိုင်ရှင်သားဖြစ်သူ၏ ကိုယ်စားလှယ်လွှဲခြင်းခံထားရသူ ဦးကမ်လမ်းကျင့်ထံ ပေးအပ်ခဲ့သည်။

ယင်းမြေကို သိမ်းယူပြီးနောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက အသုံးပြုရန် ရယူထားပြီးနောက် အသုံးပြုရန် မရှိတော့သဖြင့် ပြန်လည်အပ်နှံခဲ့ရာ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားခဲ့သည်။ ယင်းနောက် မူလပိုင်ရှင်များမှ ပြန်လည်ရယူလိုကြောင်း လျှောက်ထားခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

သန့်ဇင်ဆွေ
Share To:

Aung Maw

Post A Comment: