ကလေး၊ နိုဝင်ဘာ ၃၀

အမျိုးသမီးများ တွေ့ကြုံနေရသည့် အိမ်တွင်း အကြမ်းဖက်မှုများ ဆန့်ကျင်သည့်အနေဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်ရှိ အေးရိပ်မွန်ဂေဟာတွင် 16 Days of Activism 2016 အမည်ဖြင့် နိုဝင်ဘာလ ၃၀ ရက်က ပြုလုပ်ခဲ့ရာ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ အိမ်တွင်း အကြမ်းဖက်မှု ဟူသည့် စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်စေရန်နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်လှုံ့ဆော်မှုများအား လုပ်ဆောင်လာကြစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အိမ်တွင်း ငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့” “အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်းပါဝင်စို့” ဟု ဦးတည်ရည်ရွယ်ထားသည့် အဆိုပါ လှုပ်ရှားမှု အခမ်းအနားကို Dawn Action on Women’s Network အဖွဲ့က ဦးဆောင်ခြင်းဖြစ်ပြီး အိမ်တွင်း အကြမ်းဖက်မှုအပါအ၀င် အလုပ်ခွင်များတွင် ကြုံတွေ့ရတတ်သော အကြမ်းဖက်မှုများအား ဆရာ စိုင်းအားတီက ရှင်းလင်းခဲ့သည်။

ထို့ပြင် ယခုကာလအပိုင်းအခြားအတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့် သက်ငယ်မုဒိန်းမှုနှင့် ကလေးငယ်များအား မုဒိန်းပြုကျင့်မှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည်။

“ဒီပွဲတက်ရတဲ့အတွက် သက်ငယ်မုဒိန်းမှုတွေမှာဆိုလို့ရှိရင် သက်ငယ်မုဒိန်းကျင့်ခံရသူတွေအတွက် ဥပဒေအရ ဘယ်လို အကာအကွယ်ပေးထားတယ်ပေါ့နော်။ နောက်ပြီး လူကြီးတွေမှာလည်း အလိုမတူဘဲ အဓမ္မပြုကျင့်တဲ့အခါတွေမှာ ဘယ်လိုတိုင်တန်းလို့ ရတယ်၊ အဲဒီလိုမျိုးတွေ သိရတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင် ဒီ ပွဲလေးကို တက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ဘယ်လို ဖြစ်ရင် ဘယ်လိုလုပ်၊ ဘယ်ကို သွားစေတာမျိုးတွေ ပြန်ပြီး ရှယ်ပေးနိုင်တာပေါ့။ အဲဒါမျိုးတွေ သိခဲ့ရတယ်” ဟု ပွဲတက်ရောက်ခဲ့သူ ဒေါ်နီနီလှိုင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

၁၆ ရက်တာ ကြာမြင့်မည့် အဆိုပါ လှုပ်ရှားမှုကို ဦးဆုံးရက်အနေဖြင့် ကလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရက်များတွင် ချင်းပြည်နယ်တွင်းရှိ တီးတိန်၊ တွန်းဇံ၊ ကျီခါး အပါအ၀င် အခြား မြို့များတွင်ပါ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: