တာဝန်ရှိသူအပေါ် အရေးယူမည်ဟု အကျဉ်းဦးစီး ထုတ်ပြန်


ရန်ကုန်၊ မတ် ၂၄

လာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၁၀၀၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာနက “သတင်းအမှန် ထုတ်ပြန်ချက်” အမည်ဖြင့် မတ်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။

Myanmar Prisons Department အမည်ဖြင့် ဖွင့်လှစ်ထားသည့် အကျဉ်းဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာပါ ထုတ်ပြန်ချက်၌ “မတ်လ ၂၁ ရက်နေ့ The Voice, Latest News Facebook တွင် "ယခုနှစ် ဧပြီလတွင် အကျဉ်းသားတစ်သောင်းခန့် လွတ်ငြိမ်းခွင့်ပေးရန်စီစဉ်" ခေါင်းစဉ်ဖြင့် တင်သော Page တစ်ခု၌ “မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် ၄၀ ကျော်မှ အကျဉ်းသား တစ်သောင်းခန့်ကို ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်အဆင့်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်စီစဉ်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်´´ဟုဖော်ပြပါရှိခဲ့ပါသည်” ဟု လည်းကောင်း၊ “မတ်လ ၂၂ ရက်နေ့ The Voice Facebook latest New Page တွင် ဖော်ပြခဲ့သော အထက်ပါသတင်းမှာ မှန်ကန်မှုမရှိသည့်အပြင် အကျဉ်းထောင်များ၏ လုံခြုံရေးကို ထိခိုက်စေသည့် အပြုသဘောမဆောင်သော လှုံ့ဆော်မှုတစ်ရပ်ဖြစ်ပါသည်။ ၄င်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု လည်းကောင်း ဖော်ပြထားသည်။

အကျဉ်းဦးစီးဌာနက ရည်ညွှန်းသည့် အဆိုပါသတင်းကို ရန်ကုန်အခြေစိုက် The Voice သတင်းစာ၏ တရားဝင်အင်တာနက် စာမျက်နှာနှင့် Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင် မတ်လ ၂၂ ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။  ထို့ပြင် အဆိုပါသတင်းကိုပင် မတ်လ ၂၂ ရက်နေ့ထုတ် The Voice Daily သတင်းစာ မျက်နှာဖုံးတွင်ပင် ဖော်ပြထားကာ သတင်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးကို ကိုးကားရေးသားထားခြင်းဖြစ်သည်။

ထို့ပြင် သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းနှင့် ပတ်သက်၍ ထပ်ဆင့်အတည်ပြုချက်ရယူနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းထားကာ ၎င်းမှ “အဲဒီကျမှဘဲ သိနိုင်မယ်ဗျာ။ လောလောဆယ် ပြောဖို့မရှိပါဘူး” ဟု ဖြေကြားထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခုရှိကာ အကျဉ်းသားစုစုပေါင်း ခုနစ်သောင်းကျော်ရှိကြောင်းနှင့် ယင်းလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်မည်ကိုမူ ပြည်ထဲရေးဝန်ကြီးဌာနက မသိကြောင်းကိုလည်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်ဟုလည်း သတင်း၌ ထည့်သွင်းဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: