ရန်ကုန်၊ မတ် ၁၃

နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုမ္ပဏီမှတ်ပုံတင်ကြေး ကျပ်ငါးသိန်းမှ ကျပ်နှစ်သိန်းခွဲအထိ လျော့ချ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန - DICA က မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ်က ကုမ္ပဏီမှတ်ပုံတင်ကြေးကို ကျပ် ၁၀ သိန်းမှ ငါးသိန်းအထိ လျော့ချပေးခဲ့ပြီး ယခုထပ်မံ လျော့ချမှုကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စကာ ကျင့်သုံးသွားမည် ဖြစ်သည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်သာ မကဘဲ မှတ်ပုံတင်ခြင်း မပြုသေးဘဲ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများအတွက် ပြောင်းလဲထူထောင်၍ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေးကို ဦးတည်ကြောင်းလည်း DICA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများအနေဖြင့် မြန်မာကုမ္ပဏီ ၆၂၉၈၊ နိုင်ငံခြားကုမ္ပဏီနှင့် ရုံးခွဲပေါင်း ၈၈၁၊ အသင်းအဖွဲ့ ၁၇ ခု၊ ဖက်စပ်လုပ်ငန်း ၁ ခုတို့ ရှိကြောင်း DICA ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော ကုမ္ပဏီအရေအတွက်စာရင်းများက ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: