ရန်ကုန်၊ မတ် ၂၁

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားပြီးနောက် သမ္မတဖြစ်နိုင်သူဟု ရေပန်းစာနေသူ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာလည်း ရာထူးမှ နုတ်ထွက်ပြီဖြစ်ကြောင်း မတ်လ ၂၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကြေညာလိုက်သည်။

မတ်လ ၂၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး နောက်ဆုံးချိန်တွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က အသိပေးရန် ရှိသည်ဟုဆိုကာ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ကြောင်း တင်ပြစာကို လွှတ်တော်ကိုယ်စားလှယ်များ ဖတ်ကြားအသိပေးခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခြင်း” ခေါင်းစဉ်ဖြင့် ပေးပို့လာသည့် ယင်းအကြောင်းကြားစာတွင်  “၂၀၁၈ ခုနှစ် မတ်လလ ၂၁ ရက်မှစ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် နုတ်ထွက်ကြောင်း အကြောင်းကြားပါသည်။ ပုံ - ၀င်းမြင့် (တာမွေမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး)” ဟုသာ ဖော်ပြထားပြီး မည်သည့်အတွက်ကြောင့် နုတ်ထွက်ရသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဦးဝင်းမြင့်သည် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

ထို့ပြင် NLD အစိုးရတက်လာချိန် သမ္မတအား ရွေးချယ်ပေးမည့် စိစစ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ဖူးပြီး လတ်တလော နုတ်ထွက်သွားသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နေရာအတွက် ရေပန်းစားနေသူလည်း ဖြစ်သည်။  လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုးတင်မြှောက်ရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၁၁၁ (က) (၂) တွင် ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် မတ်လ ၂၂ ရက် (မနက်ဖြန်) တွင် အစည်းအဝေးပြုလုပ်ဖွယ် ရှိသည်။

မတ်လ ၂၁ ရက်တွင် NLD ပါတီဝင်များဖြစ်သော နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးစလုံး နုတ်ထွက်မှုနှင့် ပတ်သက်၍ ပါတီဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုမှုများ မရှိသော်လည်း နေပြည်တော်၌ ပါတီအစည်းအဝေးတစ်ရပ် ကျင်းပနေကြောင်း ပါတီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက သိရသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: