သူ့ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်ပြန်ရိုက်မယ်ဆိုတဲ့ ခရစ် (စ်) တီနား အခုလောက်ဆိုရင် ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ


ရုပ်ရှင်တစ်ကား၏ အသက်မှာ ဇာတ်ညွှန်းဖြစ်ပြီး မြန်မာပြည် ရုပ်ရှင်လောက ရှေ့တန်းရောက်နိုင်ရေးအတွက် မူရင်းဇာတ်ညွှန်း Original Screenplay ရေးနိုင်သူ များများပေါ်ထွက်ဖို့ လိုကြောင်း အမေရိကန်အခြေစိုက် ဟောလိဝုဒ် ရုပ်ရှင်လောကတွင် လုပ်ကိုင်နေသူ လူငယ်ဒါရိုက်တာ ကိုကျော်သိင်္ခက ပြောသည်။

ကိုကျော်သိင်္ခသည် New York Film Academy (LA Campus) ၌ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးနည်း၊ ရုပ်ရှင်ဓာတ်ပုံနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဓိကဘာသာရပ်ဖြင့် မဟာဝိဇ္ဖာတန်း တက်ရောက်အောင်မြင်ထားသူ ဖြစ်ကာ KTK Production နာမည်နဲ့ ဟောလိဝုဒ်၌ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။

ကျောင်းတက်နေစဉ်ကာလအတွင်း ၎င်းကိုယ်တိုင် ရိုက်ကူးခဲ့သည့် The Immigrants ဇာတ်ကားမှာ မက္ကဆီကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ Silver Palm Award ရရှိခဲ့ကာ LA နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်လည်း ဆန်ကာတင်အဆင့်အထိ ရွေးချယ်ခံခဲ့ရဖူးသည်။

လက်ရှိ အမေရိကန်နိုင်ငံ၊ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့တွင် နေထိုင်သူ ကိုကျော်သိင်္ခဟာ အရင်က ပြည်ပအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ ဧရာဝတီနဲ့ Voice of America - VOA သတင်းဌာနတွေမှာ သတင်းထောက်နဲ့ Broadcaster အဖြစ် အလုပ်လုပ်ကိုင်ဖူးသူလည်း ဖြစ်ပါတယ်။ 

မြန်မာပြည် ရုပ်ရှင်လောကအခြေအနေနဲ့ ပတ်သက်လို့ ကိုကျော်သိင်္ခနှင့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှ ဦးအောင်ထွန်းလင်းတို့ တွေ့ဆုံမေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။

(၁) ကိုကျော်သိင်္ခ ဟောလိဝုဒ်ကို စတင်ရောက်လာခဲ့ပုံလေးကို ပြောပြပေးပါ။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက လော့စ်အိမ်းဂျလိစ်မြို့ မှာရှိတဲ့ New York Film Academy (LA Campus) မှာ ရုပ်ရှင်ပညာ သင်ယူလေ့လာဖို့ ရောက်နေခဲ့တာပါ။ ကျောင်းရောက်တော့ ရုပ်ရှင် နဲ့ပက်သက်ပြီး မဟာဝိဇ္ဖာတန်းမှာ ဒါရိုက်တာ ပညာရပ် (Directing)၊ ဇာတ်ညွှန်းရေးနည်း (Screenwriting)၊ ရုပ်ရှင် ဓာတ်ပုံ ပညာရပ် (Cinematography) နဲ့  ရုပ်ရှင် ထုတ်လုပ်ရေး ဘာသာရပ် (Film Producing) တွေကို အဓိက ဘာသာရပ်တွေအနေနဲ့ သင်ယူလေ့လာခဲ့ရပါတယ်။ ကျောင်းစာသင်နှစ်စကနေ နှစ်ဆုံးတဲ့အထိ တချိန်လုံး ဇာတ်ညွှန်းတွေ ရေးလိုက်၊ ရုပ်ရှင်တွေ ရိုက်လိုက် နဲ့ လုပ်လာခဲ့ရတော့ ဒီပတ်ဝန်းကျင်၊ ဒီအသိုင်းအ၀ိုင်းက လူတွေ နဲ့ နီးစပ်လာတယ်ဆိုပါတော့။ ဒါပေမဲ့  ကျနော့်အနေနဲ့ ဟောလိဝုဒ်ရုပ်ရှင် လောကထဲကိုတော့ ၁၀၀ ရာခိုင်နှုန်းကြီး ရောက်သွားသေးတာ မဟုတ်ပါဘူး။

(၂) နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု ရခဲ့တဲ့ The Immigrants နဲ့ ပတ်သက်လို့ လုပ်ဖြစ်ပုံလေးနဲ့ ရခဲ့တဲ့ ဆုအကြောင်းလေး ပြောပြပေးပါ။

ကျောင်းကို စ ရောက်ရောက်ချင်း ပထမ ၄ လပတ် (1st Semester) မှာ အများဆုံး ၁၅ မိနစ်ထက် မရှည်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို ၂ ပုဒ် နဲ့ Music Video တစ်ခုကို ရိုက်ရပါတယ်။ ဇာတ်လမ်းတို ၂ ပုဒ်ထဲက ပထမ တစ်ခုက အသံတိတ်ဇာတ်လမ်းတိုပါ။ နောက်တစ်ခုကတော့ စကားပြော (dialogue) တွေ၊ နောက်ခံ တေးဂီတ တွေပါတဲ့ ဇာတ်လမ်းတိုပါ။ အဲဒီအတွက် “The Immigrants” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဇာတ်လမ်းကို စပြီး စဉ်းစားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း တခြားတိုင်းပြည်တစ်ခုကနေ ဒီတိုင်းပြည်မှာလာပြီး ရွှေ့ပြောင်းအခြေချ နေထိုင်နေတဲ့သူလည်းဖြစ်တယ်။ ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံတို့မှာလည်း နှစ်တွေ နဲ့ ချီပြီးနေခဲ့ရတာဆိုတော့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ကြုံတွေ့ရတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေ၊ နောက်ပြီး သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်း သိတယ်ဆိုပါတော့။ “The Immigrants” ဆိုတဲ့ ခေါင်းစဉ် နဲ့ တကယ်တမ်း ရိုက်ချင်တာက ထိုင်း-မြန်မာ နယ်စပ် နဲ့ မဲခေါင်မြစ်ဝှမ်း ဒေသက မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တွေကို ရိုက်ချင်တာပါ။ ကျနော်ကိုယ်တိုင်လည်း ရွှေ့ပြောင်း အလုပ်သမား တစ်ယောက်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်နေရာတွေကို ခရီးသွားစာရွက် စာတမ်းတွေမပါဘဲ နဲ့ ဒီတိုင်း ဖြတ်ကျော်ခဲ့ဖူးတော့ နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်ရတဲ့ ဒုက္ခကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် လက်ရှိမှာ ကိုယ်က အမေရိကားမှာ ကျောင်းတက်နေဆဲဆိုတော့ အဲဒီအကြောင်းကို သွားရိုက်ဖို့က မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ကိုယ်ရောက်နေတဲ့ နေရာ နဲ့ အနီးစပ်ဆုံးနေရာမှာရှိနေတဲ့ မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်းကို ရိုက်တာက ပိုပြီး အဆင်ပြေတဲ့အတွက် “The Immigrants”  ကို မက္ကဆီကန် ဇာတ်ကောင်တွေ နဲ့ ဖန်တီးပြီး ရိုက်ဖြစ်သွားတာပါ။

ကျောင်းတက်နေစဉ်အတွင်း ရိုက်ခဲ့သမျှ ဇာတ်လမ်းတိုတွေ အားလုံးဟာ ကျောင်းမှာ အမှတ်ရဖို့ ရိုက်ရတယ်ဆိုပေမဲ့၊ ကိုယ်ရိုက်ထားတဲ့ ရုပ်ရှင်တွေကို မိမိဆန္ဒအရ ရုပ်ရှင် ပွဲတော်တွေမှာ ၀င်ပြီး ယှဉ်ပြိုင်မယ်ဆိုရင်လည်း ကျောင်းက ခွင့်ပြုပါတယ်။ ဒါကြောင့် “The Immigrants” ဇာတ်လမ်းတိုကို နိုင်ငံတကာက ရုပ်ရှင်ပွဲတော် ၁၀ ခုဆီကို ပို့ပြီးတော့ ယှဉ်ပြိုင်ဖြစ်သွားတာပါ။ အဲဒီအထဲကမှ ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ မက္ကဆီကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Silver Palm Award နဲ့ LA နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင် အဆင့်အထိ ရွေးချယ်ခံခဲ့ရပါတယ်။

(၃) လတ်တလော မြန်မာပြည် ရုပ်ရှင်လောကရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပေးပါဦး။

လတ်တလော မြန်မာပြည် ရုပ်ရှင်လောကရဲ့ အခြေအနေကတော့ ဇာတ်ညွှန်းကောင်းကောင်း နဲ့ ရိုက်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းတွေ အရမ်းကို ရှားသွားပြီလို့ပဲ ပြောချင်ပါတယ်။ ရုပ်ရှင်ကား တစ်ကားရဲ့ အသက်က ဇာတ်ညွှန်းပဲ။ အဲဒါက ကျနော် တစ်ယောက်ထဲ ပြောတာမဟုတ်ပါဘူး။ မြန်မာပြည်ထဲက ရုပ်ရှင်နယ်ပယ်ထဲမှာ ကျင်လည်နေကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ကိုယ်တိုင်ကလည်း ပြောကြပါတယ်။ မြန်မာရုပ်ရှင် လောက တိုးတက်ဖို့အတွက် မှီငြမ်းမဟုတ်တဲ့ မူရင်းဇာတ်ညွှန်း (Original Screenplay) ရေးနိုင်တဲ့ သူတွေ များများပေါ်ထွက်လာဖို့ လိုပါတယ်။ ဒါက ဇာတ်ညွှန်းအပိုင်းကိုပဲ ပြောတာပါ။ တခြား ပြောစရာအပိုင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးကျန်ပါသေးတယ်။

(၄) ဟောလိဝုဒ်နဲ့ မြန်မာပြည် ရုပ်ရှင်လောက ကွာခြားမှုတွေဟာ ဘယ်အချက်တွေက အဓိက ကျမလဲ။ အရေးကြီးတဲ့ အချက် ၃ ချက်လောက် ရှင်းပြပေးပါ။

ကွာခြားမှုတွေထဲက ပထမဆုံး ကျနော် ပြောချင်တာကတော့ … မြန်မာပြည်မှာက ရုပ်ရည်ရှိတဲ့ မင်းသား၊ မင်းသမီးတွေက ရုပ်ရှင် ဈေးကွက်ရဲ့ ထိပ်ဆုံးမှာ နေရာယူထားတာဖြစ်ပြီး၊ ဟောလိဝုဒ်မှာကျတော့ အတတ်ပညာ နဲ့ နည်းပညာပိုင်းမှာ အားသာတဲ့သူတွေက ထိပ်ဆုံးမှာ နေရာယူထားတာပါ။ ဒုတိယ အချက်ကတော့ မြန်မာပြည်မှာက ရုပ်ရှင်ရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်း တစ်ပုဒ်ကို တစ်ပတ်ကနေ ၁ လ လောက်အထိပဲ အချိန်ပေးကြပြီးတော့၊ ဟောလိဝုဒ်မှာကျတော့ ဇာတ်ညွှန်းတစ်ပုဒ်ကို ၆ လကနေ၊ ၉ လ၊ တစ်နှစ် အချိန်ယူပြီး ရေးကြတာပါ။

(၅) အခု ကိုကျော်သိင်္ခလည်း ကြားမိမယ်ပေါ့။ မင်းသားဇဏ်ခီနဲ့ ခရစ္စတီးနားတို့နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အမျိုးမျိုး ဝေဖန်သုံးသပ်နေကြတာတွေ။ ဒီကိစ္စအပေါ်ကော ဘယ်လိုမြင်မိသလဲ။
သူ့ဘ၀ အကြောင်းကို တစ်ချိန်ချိန်မှာ ရုပ်ရှင် ပြန်ရိုက်မယ်ဆိုတဲ့ ခရစ္စတီးနား အတွက်တော့ အခုလောက်ဆိုရင် ခေါင်းထဲမှာ ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ။ ဇာတ်ကောင်တွေ၊ ဒိုင်ယာလော့ခ်တွေဆိုတာကလည်း သူ့အလိုလို အဆင်သင့် ပေါ်လာနေတာဆိုတော့ သူ့ဘက်က ဇာတ်အိမ်ဖွဲ့ဖို့ပဲ လိုတော့တာ...
အခုလိုဖြစ်နေတဲ့ အဖြစ်အပျက် တစ်ခုလုံးကို ခြုံငုံပြီးပြောရမယ်ဆိုရင် ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲ။ ကျနော့် မျက်လုံးထဲမှာတော့ မင်းသားဇဏ်ခီ နဲ့ ခရစ္စတီးနာ ကို မင်းသား နဲ့ မင်းသမီး။ သူတို့အပေါ်မှာ အမြင်စောင်းပြီး မကောင်းပြောနေကြတဲ့သူတွေက ဗီလိန်၊ သူတို့ရဲ့ အနုပညာ အပေါ် အားပေးပြီး ချီးကျူးစကား ဆိုနေကြတဲ့သူတွေက ဇာတ်ပို့၊ ဇာတ်ရံတွေ ဆိုပါတော့ဗျာ။ သူ့ဘ၀ အကြောင်းကို တစ်ချိန်ချိန်မှာ ရုပ်ရှင် ပြန်ရိုက်မယ်ဆိုတဲ့ ခရစ္စတီးနား အတွက်တော့ အခုလောက်ဆိုရင် ခေါင်းထဲမှာ ဇာတ်လမ်းက ရေးပြီးနေလောက်ပြီ။ ဇာတ်ကောင်တွေ၊ ဒိုင်ယာလော့ခ်တွေဆိုတာကလည်း သူ့အလိုလို အဆင်သင့် ပေါ်လာနေတာဆိုတော့ သူ့ဘက်က ဇာတ်အိမ်ဖွဲ့ဖို့ပဲ လိုတော့တာ။

(၆) မြန်မာပြည်မှာ ပေါကားတွေပဲ ကြည့်နေရတဲ့ ရုပ်ရှင်ကြည့် ပရိသတ်အတွက် ဥပါယ်တံမျဉ်တို့၊ မုဒြာခေါ်သံတို့ဆိုတာ ဖွင့်ချဖို့အတွက် ခလုပ်တစ်ခု ဖြစ်နေတယ်လို့ကော မထင်ဘူးလား။

ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် ဒီ ဇာတ်ကား နှစ်ကားက အများကြီး အထောက်အကူပေးပါတယ်။ ဒီ ရုပ်ရှင် ဇာတ်ကား နှစ်ကားက မြန်မာနိုင်ငံ ရုပ်ရှင် လောကို အပြောင်းအလဲ ဖြစ်စေတဲ့ တွန်းအားတွေရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရုပ်ရှင်လောကတစ်ခုလုံး အပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီရုပ်ရှင်ကား နှစ်ကား၊ ဒီ ဒါရိုက်တာ၊ ဒီမင်းသား နှစ်ယောက်ထဲ နဲ့တော့ မလုံလောက်သေးဘူးပေါ့လေ။ ကျနော်တို့နိုင်ငံမှာ ခရစ္စတီးနား ခီ လို ၊ ထူးပိုင်ဇော်ဦး လို၊ အာကာလို ဒါရိုက်တာမျိုးတွေ၊ ဇဏ်ခီလို မင်းသားမျိုးတွေ အများကြီး ပေါ်ထွက်လာမှ ရုပ်ရှင်လောကမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

(၇) မြန်မာ့ရုပ်ရှင် အဆင့်နိမ့်ကျနေရတဲ့ အကြောင်းအရင်းက မျိုးစုံဖြစ်နိုင်ပေမယ့် တကယ့် အရေးကြီးဆုံးအချက်ဆိုရင် ဘာတွေ ဖြစ်နိုင်မလဲ။

ကျနော့်တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အမြင် နဲ့ ပြောရမယ်ဆိုရင် ပထမ အချက်က ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်တဲ့ သူတွေ နည်းသွားလို့ပါ။ အရင့်အရင် ဇာတ်ညွှန်းကောင်းတွေ ရေးနိုင်ခဲ့ကြတဲ့ ဇာတ်ညွှန်း ရေးဆရာတချို့ဆိုရင် အသက်တွေလည်း ကြီးကုန်ကြပြီ။ တချို့ဆိုရင်လည်း ရေးတာ များလာတော့ ဇာတ်လမ်း၊ ဇာတ်အိမ်တွေ ထပ်ကုန်တာလည်းပါတယ်။ နောက်ပြီးတော့ ကြာလာလေ အိုင်ဒီယာတွေ ခမ်းကုန်လေ။ အဲဒီလိုလည်း ဖြစ်လာတတ်တယ်။ အဲဒီလို အခြေအနေမှာ ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်တဲ့ နောက်ထပ် လူငယ် မျိုဆက်သစ် ဇာတ်ညွှန်းရေး ဆရာတွေ အလုံအလောက် ပေါ်ထွက်မလာတာကလည်း မြန်မာ့ရုပ်ရှင်လောက အဆင့် နိမ့်ကျနေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။  

(၈) မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေးအတွက် ထုတ်လုပ်သူ၊ သရုပ်ဆောင်တွေ လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအပိုင်းဆိုရင်ကော။

ကိုယ့်အကျိုးကိုချည်းပဲ မကြည့်ပဲ နဲ့ ရုပ်ရှင် တစ်လောကလောကလုံးရဲ့ မျက်နှာ၊ ရုပ်ရှင် တစ်လောကလုံးရဲ့ အကျိုးကို ကြည့်ကြရင် မြန်မာ ရုပ်ရှင်လောက မတိုးတက်စရာ အကြောင်းမရှိပါဘူး။  

(၉) လက်ခံသူရှိလို့ ဖြစ်တည်နေသေးတဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေအနေတိုးတက်ဖို့ဆိုရင် ပရိသတ်တွေကကော ဘယ်လို ဖြစ်သင့်သလဲ။
ပရိသတ် အားပေးမှု မရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ပရိသတ်က မင်းသား၊ မင်းသမီး မျက်နှာကိုပဲ ကြည့်ပြီး အားပေးရင် ပရိုဂျူဆာ၊ ဒါရိုက်တာတွေက ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းတာ၊ မကောင်းတာကို ဂရုမစိုက်တော့ဘူး။ နာမည်ကြီး သရုပ်ဆောင်တွေပါရင် ပြီးရောဆိုပြီး ရိုက်ကြမှာပဲ...
ဇာတ်ကားကောင်းတွေကိုပဲ ရွေးချယ်ပြီး အားပေးတဲ့ ပရိသတ်တွေများလာရင်လည်း ရုပ်ရှင်လောက တိုးတက်လာမှာပါ။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ ဆိုတာကလည်း ပရိသတ်ရဲ့ အားပေးမှု နဲ့ ရပ်တည်နေကြရတာပဲလေ။ ပရိသတ် အားပေးမှု မရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ပရိသတ်က မင်းသား၊ မင်းသမီး မျက်နှာကိုပဲ ကြည့်ပြီး အားပေးရင် ပရိုဂျူဆာ၊ ဒါရိုက်တာတွေက ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းတာ၊ မကောင်းတာကို ဂရုမစိုက်တော့ဘူး။ နာမည်ကြီး သရုပ်ဆောင်တွေပါရင် ပြီးရောဆိုပြီး ရိုက်ကြမှာ ပဲ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း မင်းသား၊ မင်းသမီးတွေရဲ့ မျက်နှာကိုချည်း ကြည့်တာမဟုတ်ဘဲ နဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်း၊ မကောင်းကိုလည်း ကြည့်ပြီးတော့ အားပေးသင့်တယ်လို့ မြင်ပါတယ်။

(၁၀) သီးခြားဖြည့်စွတ် ပြောဆိုချင်တာ ရှိရင်လည်း လွတ်လွတ်လပ်လပ်ကလေး ပြောပေးပါဦး။

သီးခြား ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ မြန်မာ့ ရုပ်ရှင် လောကသား အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပြီး၊ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ မြန်မာ ရုပ်ရှင်လောကရဲ့ အကျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးကို ဆထက် ထမ်းပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

(ယခု တွေ့ဆုံမေးမြန်းခန်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာ၌ ဖော်ပြထားပြီး ဖြစ်သည်။)
Share To:

Aung Maw

Post A Comment: