ရန်ကုန်၊ မတ် ၂၈

ပုဂ္ဂလိက သတင်းစာများ ရှင်သန်ရပ်တည်ရေးအတွက် အစိုးရဘက်က ကူညီပံ့ပိုးရန် ရှိ၊ မရှိနှင့် အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်ကိစ္စနှင့် စပ်လျဉ်း၍ အစိုးရက မည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်းကို မတ်လ ၂၉ ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ကြမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်ရုံးက ထုတ်ပြန်သည့် မတ်လ ၂၉ ရက်အတွက် လွှတ်တော်အစည်းအဝေး လျာထားချက်တွင် တွံ့တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က “ပုဂ္ဂလိကသတင်းစာများ အားကောင်းမောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများ ရှိ-မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းသွားမည်ဟု ဖော်ပြထားသည်။

“အများပြည်သူ သတင်းအချက်အလက် ရယူပိုင်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း” မေးခွန်းကို ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက မေးခွန်းထုတ် ဆွေးနွေးသွားမည် ဖြစ်သည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာကလည်း “နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေအးတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိ” မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ကြောင်း အစည်းအဝေး လျာထားချက်၌ ဖော်ပြထားသည်။ 

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားသည့်  “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကိစ္စများနှင့်စပ်လျဉ်း၍လည်း ပြင်ဆင်ချက်ကို အတည်ပြုရန် ဆွေးနွေးခြင်းများ၊ လွှတ်တော်အဆုံးအဖြတ် ရယူခြင်းများကိုလည်း မတ်လ ၂၉ ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ ဆောင်ရွက်သွားရန် လျာထားသည်။

ရုပ်ရှင်လောကနှင့် ပတ်သက်၍လည်း “နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချခဲ့သော ရုပ်ရှင်ရုံနေရာများ၌ အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံ ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီချက်ဖြင့် ရောင်းချခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုသေးသည့် ရုပ်ရှင်ရုံ (၄၂) ရုံနှင့် ပတ်သက်၍လည်းကောင်း၊ Digital စနစ်ဖြင့် ပြောင်းလဲအသုံးပြု ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ ၇၀ ရုံနှင့် ပတ်သက်၍လည်းကောင်း မည်ကဲ့သို့ အရေးယူ စီမံဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းကိုလည်း ယင်းနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: