Photo – Chin World’s Facebook
ရန်ကုန်၊ စက်တင်ဘာ ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ စီးယင်းသစ်တောကြိုးဝိုင်းအတွင်း စီးပွားရေးအရ ကျူးကျော်ဝင်ရောက် နေထိုင်သူများကို ရှင်းလင်းခဲ့ရာတွင် ယင်းကျူးကျော်မှုအတွင်း အစိုးရ၀န်ထမ်းလည်း ပါဝင်ပတ်သက်မှုများ ရှိနေသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ် သစ်တောဦးစီးဌာနတို့အား ကိုးကား၍ Chin State Government News ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

စီးယင်းသစ်တောကြိုးဝိုင်းအမှတ် (၁၄၄) အတွင်း အိမ်ခြေပေါင်း ၃၆၁ လုံး ကျူးကျော်နေထိုင်ကြခြင်းဖြစ်ကာ ယင်းနေအိမ်များအား စက်တင်ဘာလ ၁ ရက်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုကာ စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဖော်ပြလာခြင်း ဖြစ်သည်။

ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်သစ်တောဦးစီးဌာနတို့အား ကိုးကား၍ ဖော်ပြထားသည့် အချက် ၂၂ ချက်ပါ ယင်းကြေညာချက်တွင် “ဖလမ်းမြို့နယ် စီးယင်းကြိုးဝိုင်းအကွက်အမှတ်(၁၄၄)အတွင်း ဥပဒေမဲ့လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန မှ ပြည်နယ်တာဝန်ခံ ဦးကပ်ထောင်းသည် နိမ်ဇောလ် ကျေးရွာ သဘာဝဘေးဒုက္ခသည် အယောင်အဆောင်များထံမှ ပထမအကြိမ် (၃၅၀၀၀၀) ကျပ် လက်ခံရယူခြင်း၊ ဒုတိယအကြိမ်တွင် စီးယင်း (၁၄၄) ကွင်း၌ အိမ်ဝင်း(၃)ဝင်းတွဲ ရယူပိုင်ဆိုင်ထားခြင်း၊ တတိယအကြိမ်တွင် အရေအတွက် မဖော်ပြနိုင်သော်လည်း များပြားသော ငွေကြေးများ လက်ခံရာယူထားခြင်းဖြင့် ပါဝင်ပတ်သက်မှု ရှိကြောင်း၊ ၎င်းသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သော်လည်း အဆိုပါ ဥပဒေမဲ့လုပ်ငန်းများတွင် ကိုယ်တိုင် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခဲ့သည့် အချက်များအား ကလေးမြို့နေသူ ဦးအောင်ဒင်ပါ (၅)ဦးမှ တိုင်ကြားခဲ့မှုကြောင်း၊ အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ ပဏာမစိစစ်ချက်များအရ မှန်ကန်မှုရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟူ၍ ဖော်ပြပါရှိသည်။

သစ်တောကြိုးဝိုင်းအတွင်း ယာယီနေအိမ်တည်ဆောက်၍ ကျူးကျော်နေထိုင်သူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ မတူပီနှင့် တီးတိန်မြို့နယ်မှ လူများဖြစ်ကာ အဆိုပါနေရာအား ဘွလ်ပီးဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။

စီးယင်းကြိုးဝိုင်းအတွင်း ကျူးကျော်နေကြသူများမှာ ဖလမ်း၊ ရိဒ်ခေါဒါရ်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ကျီခါး၊ မတူပီ၊ ရေဇွာမြို့များမှ ပါဝင်ကာ ချင်းပြည်နယ်မှ ၂၂၄ အိမ်၊ စစ်ကိုင်းတိုင်းမှ ၁၃၆ အိမ်၊ မကွေးတိုင်းမှ တစ်အိမ်၊ စုစုပေါင်း ၃၆၁ အိမ်ရှိကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

Photo – Chin World’s Facebook
သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်မှုဖြင့် စီးယင်းကြိုးဝိုင်း အမှတ် (၁၄၄) အတွင်း သစ်တောဌာန ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက သစ်တောစိုက်ပျိုးနေသည့် ဦးဗန်လာလ်ဟွာလ်၊ ဦးနှိရ်သင်မာန်း (ဦးဇော်ဦးဟန်၏ ကိုယ်စားလှယ်) တို့က ၎င်းတို့၏ ပုဂ္ဂလိကစိုက်ခင်းအတွင်း ကျူးကျော် အိမ်ဆောက်လုပ်နေကြသည့် ဦးလာလ်ဗျာ၊ ဦးဒါးလ်လွယ်၊ ဦးလျန်ကျုံး၊ ဦးရိုခုမ်းမာ၊ ဦးခမ်းခန့်မုန်း၊ ဦးမောဆီ၊ ဦးထွန်ကျုံးနုံး၊ ဦးအိုင်ဇက်၊ ဦးချွန်ဆိုင်း၊ ဦးဟောက်ဇနန်၊ ဦးထန်းသင်လျန်တို့အား ပုဒ်မ ၄၄၇/၄၂၇ သြဂုတ်လ ၂၆ ရက်တွင် ဖလမ်းမြို့ ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားသည်ဟု Chin State Government News ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရှင်းလင်းရာတွင် အနှောင့်အယှက် အဟန့်အတားပြုခဲ့သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပါတီဝင်များဖြစ်ကြသော ဦးကြည်လွင်၊ ဦးကျော်နိုင်ဦး၊ ဦးလှစိန်တို့ကိုလည်း ဖလမ်းမြို့နယ် သစ်တောဦးစီးအရာရှိမှ ပုဒ်မ ၃၅၃ ဖြင့် သြဂုတ်လ ရက်က ဖလမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သည်။

လက်ရှိတွင် ဘွလ်ပီးမှ ဖယ်ရှားခံရသူများမှာ စီးစံကျေးရွာတွင် ယာယီခိုလှုံလျက်ရှိကြောင်း ယင်းဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ထုတ်ဖော်ပြောဆိုထားသည်။

လတ်တလောတွင် ကျူးကျော်သူများအား ဖယ်ရှားပြီးခဲ့သည့် ယင်းမြေနေရာများပေါ်တွင် သစ်တောဦးစီးဌာနမှ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းအား လုပ်ဆောင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: