Photo : www.whitehouse.gov
ရန်ကုန်၊ စက်တင်ဘာ ၁၆

လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစစ်စစ် မဟုတ်ကြောင်းနှင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန်အတွက် ယင်းဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်သို့ ရောက်ရှိစဉ် အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် ပြောကြားနေစဉ်အတွင်း တပ်မတော်နှင့် ဆက်စပ်၍လည်း ယခုကဲ့သို့ တစ်ပါတည်း ပူးတွဲ ပြောဆိုခဲ့သေးသည်။

“ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံးဝ ဒီမိုကရေစီ စစ်စစ် မဟုတ်သေးပါဘူး။ စစ်တပ်ကို နိုင်ငံရေးမှာ အထူး အဆင့်အတန်း ပေးထားရပါတယ်။ ကျွန်မတို့ဟာ အထူးသဖြင့် ကျမဟာ ပုဂ္ဂိုလ်ရေးအရ စစ်တပ်ကို အထူး သံယောဇဉ်ရှိပါတယ်။ ကျွန်မအဖေ ထူထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ။ ကျွန်မတို့စစ်တပ်ကို ပြည်သူလူထု ချစ်ခင်လေးစားတဲ့ ဂုဏ်သရေရှိတဲ့ စစ်တပ် ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကမ္ဘာ့အလယ်မှာ ကာကွယ်ပေးနိုင်တဲ့ စစ်တပ်လည်း ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ကျွန်မ မယုံကြည်ပါဘူး။ ဒါကြောင့် ကျွန်မတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဖွဲ့စည်းပုံပြင်ဖို့ ဆက်လက် အားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ရမည့် ကိစ္စရပ်များ များစွာ ရှိကြောင်း၊ ယင်းတို့ထဲတွင် အရေးကြီးဆုံးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့သေးသည်။

“အရေးအကြီးဆုံးက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်မရဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲတွေဖြစ်လာတာ ဆယ်စုနှစ်နဲ့ ရှိလာခဲ့ပါပြီ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတာ တစ်ခါမှ မကြုံခဲ့ရပါဘူး။ အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ တစ်နေရာမဟုတ် တစ်နေရာ၊ တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်နေတာပါ။ ကျွန်မတို့ တိုင်းပြည်မှာ တရားဝင် သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ်ပေါင်း ၁၃၅ မျိုး ရှိပါတယ်။ သူတို့အားလုံးကို စည်းလုံး ညီညွတ်စွာနဲ့ ရည်ရွယ်ချက် တစ်ခုတည်းအတွက် စုစည်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ကတော့ လုပ်နိုင်မယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံး လိုချင်ကြတာဟာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ မတူကွဲပြားမှုကို အင်အားအဖြစ် စုစည်းနိုင်တဲ့ ပြည်ထောင်စုတစ်ခု အဲဒီအထဲမှာ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်ကျင့်သုံးနိုင်ရမယ်။ ဒီလိုကွဲပြားမှုတွေဟာ တိုင်းပြည်ရဲ့ အင်မတန်ကြီးမား ကြွယ်ဝသော အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကို ဖြစ်အောင် အခု ကျွန်မတို့ ကြိုးပမ်းနေပါတယ်”

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယင်းနှင့် ဆက်စပ်သည့် အစည်းအဝေးများကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း “လွန်ခဲ့တဲ့ ၅ နှစ်ကဆို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို မြန်မာပြည်သူတွေရဲ့ ရွေးကောက်ခံ (အစိုးရ) တာဝန်ရှိပုဂ္ဂိုလ်တဦးအနေနဲ့ (၀ါရှင်တန်ဒီစီကို) လာရောက်နိုင်မယ်ဆိုတာ မျှော်မှန်းကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ အခု မြင်ခဲ့ရတဲ့ နိုင်ငံတကာ ပြောင်းလဲမှုတွေထဲမှာ (မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဟာ) ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပါပဲ" ဟု ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်နဲ့ချီ ထားရှိခဲ့သည့် ပိတ်ဆို့မှုများနှင့် ဆက်စပ်ကာ “ပြီးခဲ့တဲ့ လတွေအတွင်း မြင်တွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေအရရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်ညှိနှိုင်းမှုတွေအရပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် နှစ်အတော်ကြာကတည်းက ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ဒီအချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ” ဟု ပြောဆိုခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: