ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အား ဖွဲ့စည်းလုပ်ဆောင်နေခြင်းကို ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများနှင့် အသင်းအဖွဲ့များက ကန့်ကွက်ခြင်း၊ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်ခဲ့ခြင်းနှင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အထူးအစည်းအဝေးများ ခေါ်ယူ၍ ယင်းကော်မရှင်အား အသိအမှတ် မပြုကြောင်း အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည့် ဖြစ်ရပ်များ ရှိသည့်အပြင် ကော်မရှင်အား ထပ်ဆင့်ဖွဲ့စည်းခြင်းကို မူလကပင် တရားမ၀င်ကြောင်း အလေးအနက် ခံယူထားသည်ဟု ကြံ့ခိုင်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၁ ပါတီက စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

၁၁ ပါတီ ပူးတွဲကြေညာချက်၌ “ရခိုင်ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်အား အလေးအနက် ထောက်ခံပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ပါသည်။ ထို့ကြောင့် ဥပဒေ၏ လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့်အမိန့်မှာ မူလကပင် တရားမ၀င်ကြောင်း မိမိတို့က အလေးအနက် ခံယူထားပါသည်” ဟု ဖော်ပြထားပြီး မကြာသေးမီကာလက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာသူ ဦးသန်းဋ္ဌေး အပါအ၀င် နိုင်ငံရေးပါတီ ၁၁ ခုမှ ပါတီခေါင်းဆောင်များ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် ပါဝင်သည့် နိုင်ငံရေးပါတီ ၁၁ ခုမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု - NDF၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ၀ံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်သူ့ဒီမိုကရေစီပါတီတို့ ဖြစ်သည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလည်း ဖြစ်သူ ကိုဖီအာနန်က ဥက္ကဋ္ဌအမည် တာဝန်ယူ၍ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထို့ပြင် ပါတီများသို့ တိုင်းရင်းသားပြည်သူလူထု အပေါင်းတို့က အသိပေးအကြောင်းကြားလာမှုကြောင့် အထူးစိုးရိမ်စရာများ ရှိနေကြောင်းကိုလည်း နိုင်ငံရေးပါတီ ၁၁ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအထူးစိုးရိမ်ရမှုများမှာ ‘ရိုဟင်ဂျာ’ အမည်ဖြင့် တိုင်းရင်းသားဖြစ်ရေး တောင်းဆိုမှုများအပေါ် လိုက်လျောခွင့်ပြုမည်ကို စိုးရိမ်ခြင်း၊ နိုင်ငံတော်မှ တရားဝင် ကန့်ကွက်ထားသည့် ရိုဟင်ဂျာ အမည်သုံးစွဲခြင်းနှင့် ခွင့်ပြုခြင်းကို ရှောင်ကြဉ်ရန်သာမက ဒေသခံများ လက်မခံသည့် ကြားအမည်တစ်မျိုးမျိုးကို အစားထိုးအသုံးပြုလာစေခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ပေါက်မည်ကို စိုးရိမ်ခြင်း၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက KIA နယ်မြေအတွင်း ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်း အခြေစိုက်နေထိုင်ခွင့်ပေးရန် တောင်းဆိုမှုရှိသည်ဟု မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းနှင့် လူမျိုးအမည်ခံသူတို့ ပေါင်းစပ်၍ ရခိုင်ပြည်နယ်အတွင်း သီးခြားနယ်မြေ ထူထောင်ရန် ကြိုးပမ်းလာနိုင်ခြင်၊ ၎င်းဖြစ်ရပ်မှတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားမ၀င် ပျံ့နှံ့ရောက်ရှိနေကြသော ရိုဟင်ဂျာအမည်ခံသူများက ၎င်းတို့အတွက် သီးခြားနယ်မြေ ထူထောင်ခွင့်ရပြီ ဟူသည့် ယူဆချက်ဖြင့် မိမိနိုင်ငံအတွင်းသို့ တရားဝင် လာရောက်ပူးပေါင်းနေထိုင်ခွင့်များ ဖန်တီးလာခြင်းဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်ကောက်ကြောင်း ယိုယွင်းပျက်စီးရတော့မည့် အခြေအနေဆိုးကို တွေးတော ပူပန်စိုးရိမ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ၁၂ လကြာ ဆောင်ရွက်ရမည့် ကော်မရှင်အသုံးစရိတ်အား မည်ကဲ့သို့ ရရှိနေသည်/အထူးသဖြင့် OIC အဖွဲ့အစည်းအကူအညီဖြင့် ရယူဆောင်ရွက်မည်ကို သံသယစိတ်များဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် လူ့အခွင့်အရေး စံနှုန်းဖြင့်သာ တိုင်းတာစိစစ်မှုများကို ပြုလုပ်ရုံမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားများ၏ ခံစားချက်များနှင့် နိုင်ငံတော်၏ အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးကိုပါ အဓိက ထည့်သွင်းစဉ်းစားရမည့်အချက်အား လျစ်လျူရှုသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ အင်အားကြီး နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့တို့က တစ်ဖက်သက် အခြေအမြစ်မရှိ လုပ်ကြံဖန်တီး စွပ်စွဲချက်များအပေါ် အခြေပြုတုံ့ပြန်မှုများ ရှိခဲ့သဖြင့် ဤကော်မရှင်က ထပ်မံတင်ပြချက်များကြောင့် နိုင်ငံတော်မှ အကာအကွယ်ပေးရန် ပျက်ကွက်မှု (Responsible to Protect = R to P) Doctrine နှင့် လူသားချင်းစာနာမှု အကြောင်းပြ ၀င်ရောက်စွက်ဖက်မှု (Humanitarian Intervention) ကို ကိုင်စွဲကျင့်သုံးလာမည့် အလားအလားကို စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် ပါတီများသို့ အသိပေးအကြောင်းကြားလာမှုများအရ စိုးရိမ်ချက်များ ရှိသည်ဟုသာ ဖော်ပြထားပြီး အကြောင်းကြားလာသည့် လူဦးရေ၊ အကြောင်းကြားပုံနှင့် မည်သည့်ဒေသများမှ ဖြစ်သည်ကိုမူ တိကျသေချာစွာ ဖော်ပြထားခြင်း မရှိပေ။ ထို့ပြင် ထူးခြားချက်အနေဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် နိုင်ငံရေးပါတီ ၁၁ ခုတွင် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ မပါရှိခြင်းပင် ဖြစ်သည်။

ထုတ်ပြန်ချက် နောက်ဆုံးတွင် “ဒီမိုကရေစီ အစိုးရဟူသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အလေးထားပြီး ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က တခဲနက် အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို အလေးထား တုံ့ပြန်ရန် လိုအပ်ကြောင်းနှင့် ရခိုင်တိုင်းရင်းသားများ အပါအ၀င် ပြည်ထောင်စုတိုင်းရင်းသား အားလုံး၏ ဆန္ဒနှင့် စိုးရိမ်ပူပန်မှုကို လျစ်လျူရှုပြီး ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုတစ်ခုလုံး အန္တရာယ်ကျရောက်မည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက လက်ရှိအစိုးရအနေဖြင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များအတွက် တာဝန်ကျရောက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။

ကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၄ ရက်က အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုထားသည်။

“ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက်သာမက ဒါတွေကိုပါ သုံးသပ်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ကျွန်မတို့ ပြည်သူတွေ ရုပ်ပိုင်းဆိုင်ရာ ပိုမို ချမ်းသာကြွယ်ဝအောင် လုပ်ရမယ်။ ဒါမှသာ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ခိုင်မာစေမှာ ဖြစ်ပါတယ်။ လူမှုအသိုင်းဝိုင်းချင်း ရန်ပွဲတွေဖြစ်နေတာကို ကျွန်မတို့ လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ သိပ်အရေးကြီးပါတယ်။ အချိန်ဆွဲမနေဘဲ ချက်ခြင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပထမအဆင့်အနေနဲ့ စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်နိုင်ငံသားတယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိစေရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ထိုက်သူ အားလုံးဟာလည်း နိုင်ငံသားဖြစ်ရမှာပါ။ ဒီလုပ်ရပ်ကို အမြန်ဆုံးနဲ့ အမျှတဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်မှာ ကျွန်မတို့လုပ်ဖို့ ကြိုးစားနေတာပဲ။ ကျွန်မတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိတ်စေတနာသန့်သန့်နဲ့ အားထုတ်နေတာ ဖြစ်တယ်ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်။ ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူ့အသိုင်းအ၀ိုင်း နှစ်ခုဟာ အင်မတန် ဆင်းရဲနွမ်းပါးတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး အတူတကွ ပူးပေါင်းပြီး ဒီဒေသရဲ့ ဖွံ့ဖြိုးမှုအလားအလာအားလုံးကို ကူညီပေးမယ်ဆိုရင် - ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် - အဲဒီဆင်းရဲနွမ်းပါးမှုကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့ ကျွန်မတို့တနိုင်ငံတည်းကို ကူညီယုံသာမက - မတူကွဲလွဲမှုကို စည်းလုံးညီညွတ်ဖြစ်အောင် ဖန်တီးပြီး စိတ်ဝမ်းကွဲမှု တွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ နမူနာအဖြစ် ကမ္ဘာကြီးတခုလုံးကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ သံသယတွေ၊ အထင်မြင်လွဲမှားမှုတွေကို အေးဖယ်ပြီး အတူတကွ လက်တွဲပြီး တိုးတက်အောင်ဖြစ်နိုင်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ကိုဖီအာနန်ခေါင်းဆောင်မည့် ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အလို့ငှာ ပါဝင်ပတ်သက်သူများ၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များအား တွေ့ဆုံကာ ၎င်းတို့၏ အမြင်သဘောထားများ ရယူ၍ လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ လေ့လာသုံးသပ်ချက်စာတမ်းကို ကော်မရှင်ဖွဲ့စည်းပြီး ၁၂ လမတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှတစ်ဆင့် မြန်မာအစိုးရထံ တင်ပြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: