ရန်ကုန်၊ စက်တင်ဘာ ၆

ချင်းပြည်နယ်အစိုးရက နှစ်ကြိမ်တိုင် သတိပေးခဲ့သော်လည်း ရွှေ့ပြောင်းပေးခြင်းမရှိ၍ အင်အားသုံး ဖယ်ရှားခဲ့ရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ စီးယင်းသစ်တောကြိုးဝိုင်း (၁၄၄) အတွင်းရှိ စီးပွားရေးအရ ကျူးကျော်သူများအနက် သဘာဝဘေးဒဏ်ကြောင့် အမှန်တကယ် ထိခိုက်ခဲ့သူများ ပါဝင်ပါက ပြည်နယ်အစိုးရထံ တင်ပြနိုင်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ၌ စက်တင်ဘာလ ၆ ရက်က ရေးသားထားသည်။

သစ်တောကြိုးဝိုင်းအတွင်းရှိ နေအိမ် ၃၆၁ လုံးအား စက်တင်ဘာလ ၁ ရက်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားများ အသုံးပြုကာ ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ဖယ်ရှားခံရသူများတွင် ၂၀၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် အမှန်တကယ် အိုးအိမ်ပျက်စီးထိခိုက်ကာ နေစရာမရှိတော့သည့် ဒေသခံများ ပါဝင်နေသည်ဟူသည့် ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ချင်းပြည်နယ် ၀န်ကြီးမှ ယခုကဲ့သို့ ရေးသားထားခြင်းလည်း ဖြစ်သည်။

“အစိုးရက ဖယ်ရှားလို့ ဘွာလ်ပီးကွင်းကနေ ထွက်ခွာလာရသူတွေထဲမှာ ၂၀၁၅ ဇူလိုင်/သြဂုတ်လ အတွင်းက ဖြစ်ခဲ့တဲ့ သဘာဝဘေးကြောင့် အမှန်တကယ် အိုးအိမ်ပျက်စီးထိခိုက်ခဲ့ပြီး လက်ရှိနေစရာမရှိတဲ့ ချင်းပြည်နယ်ထဲက လူတွေ ပါနေသေးတယ်ဆိုရင် ကိုယ်နေထိုင်ခဲ့တဲ့ ကျေးရွာအမည်ကို ဖော်ပြပြီး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး/ တာဝန်ခံ၊ သင်းအုပ်ဆရာတွေရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံချက်နဲ့ ပြည်နယ်အစိုးရကို အချိန်မရွေး လာရောက်တင်ပြလို့ရပါတယ်။ သဘာဝဘေးသင့်ပြည်သူအစစ်ဆိုရင် အချိန်မရွေး လာခဲ့ပါ” ဟူ၍ “ဘွာလ်ပီး နောက်ဆက်တွဲ” ခေါင်းစဉ်ဖြင့် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇင်ခင်က ရေးသားထားသည်။

စီးယင်းကြိုးဝိုင်းအတွင်း ကျူးကျော်နေကြသူများမှာ ဖလမ်း၊ ရိဒ်ခေါဒါရ်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ကျီခါး၊ မတူပီ၊ ရေဇွာမြို့များမှ ပါဝင်ကာ ချင်းပြည်နယ်မှ ၂၂၄ အိမ်၊ စစ်ကိုင်းတိုင်းမှ ၁၃၆ အိမ်၊ မကွေးတိုင်းမှ တစ်အိမ်၊ စုစုပေါင်း ၃၆၁ အိမ်ရှိကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ဖယ်ရှားခံရသူများတွင် သဘာဝဘေးဒဏ်ထိခဲ့သော နိမ်ဇောလ်နှင့် ကောလ်ဖန်းရွာမှ အိမ်ထောင်စု ၁၃ စု ပါဝင်သော်လည်း ၎င်းတို့အား စည်သာအပတောဟု ခေါ်ဆိုသည့် စီးယင်းသစ်တောကြိုးဝိုင်းအမှတ် ၁၄၅ တွင် ပြည်နယ်အစိုးရဘက်မှ နေထိုင်ခွင့်ပေးထားပြီး ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ယင်းခွင့်ပြုထားသည့် နေရာတွင် နေထိုင်ခြင်းမရှိဘဲ သစ်တောကြိုးဝိုင်း အမှတ် (၁၄၄) တွင် ၀င်ရောက် ကျူးကျော်နေထိုင်နေကြခြင်း ဖြစ်သည်။

လတ်တလောတွင် နေအိမ်များ ဖယ်ရှားပြီးဖြစ်သည့် သစ်တောကြိုးဝိုင်း (၁၄၄) တွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးနေပြီဖြစ်ကာ စီးပွားရေးအရ သစ်တောမြေနေရာ ကျူးကျော်မှု ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်မှုဖြင့် အစိုးရ၀န်ထမ်းတစ်ဦးဖြစ်သည့် ချင်းပြည်နယ်၊ ဟားခါးမြို့ မြန်မာအသံနှင့် ရုပ်မြင်သံကြားဌာနမှ ပြည်နယ်တာဝန်ခံ ဦးကပ်ထောင်းအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသွားနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရန် ချင်းပြည်နယ်အစိုးရက စီစဉ်ထားသည်။

ထို့ပြင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရှင်းလင်းရာတွင် အနှောင့်အယှက် အဟန့်အတားပြုခဲ့သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပါတီဝင်များဖြစ်ကြသော ဦးကြည်လွင်၊ ဦးကျော်နိုင်ဦး၊ ဦးလှစိန်တို့ကိုလည်း ဖလမ်းမြို့နယ် သစ်တောဦးစီးအရာရှိမှ ပုဒ်မ ၃၅၃ ဖြင့် သြဂုတ်လ ရက်က ဖလမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: