ရန်ကုန်၊ စက်တင်ဘာ ၁

ညီလာခံကျင်းပပြီး တစ်ရက်အကြာတွင် UWSA “၀” ကိုယ်စားလှယ်များ ထွက်ခွာခဲ့ခြင်းမှာ တန်းတူညီမျှမှု မရှိခြင်းကြောင့် မဟုတ်ကြောင်း ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ညီလာခံတွင်း သတင်းယူနေသသည့် မီဒီယာများအား စက်တင်ဘာလ ၁ ရက်က ရှင်းလင်းပြောဆိုလိုက်သည်။

“တန်းတူညီမျှမရှိသည့်အတွက် ‘၀’ကိုယ်စားလှယ်များ ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ခွာ” ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၁ ရက် နေ့စွဲဖြင့် DVB သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးနောက် ယင်းကဲ့သို့ ရှင်းလင်းပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“ဒီကနေ့အထိ၊ အခုအထိ ကျွန်တော်တို့ ကျင်းပရေးကော်မတီမှာ မညှိရသေးဘူး။ အဲဒီအတွက်ကြောင့် DVB က ဖော်ပြတဲ့သတင်း။ တန်းတူမှု မရှိဘူး၊ တန်းတူမဆက်ဆံဘူးဆိုတာ လုံးဝ မမှန်ကန်ဘူး။ ကျွန်တော် အဲဒီလိုပဲ ငြင်းချက် ထုတ်ချင်ပါတယ်။ တန်းတူညီမျှမှု မရှိဘူးဆိုတာကို တစ်ခု ငြင်းတယ်။ ပြီးတော့ သူတို့ကို လေ့လာသူအဖြစ်နဲ့ တက်ခွင့်ပေးတယ်ဆိုတာ ကျွန်တော် ငြင်းတယ်” ဟု ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မီဒီယာများသို့ ပြောသည်။

DVB သတင်းဌာနမှ ဖော်ပြထားသည့် သတင်း အပြည့်အစုံမှာ “ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျှမှု မရှိတဲ့အတွက် UWSA ‘၀’ကိုယ်စားလှယ်တွေ စက်တင်ဘာ ၁ ရက်နေ့က ၂၁ ရာစုပင်လုံညီလာခံကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ UWSA ‘၀’ ပြည်နယ်သွေးစည်း ညီညွတ်ရေးတပ်မတော်က ဆက်ဆံရေးအဖွဲ့ဟာ ဒုတိယနေ့အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ပြန်သွားပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြန်မယ့်အကြောင်းကို ညီလာခံကျင်းပရေးကော်မတီကို အသိပေးပြီး ပြန်သွားကြတာ ဖြစ်ပါတယ်။ သူတို့ကို လေ့လာသူအဖြစ်သာ တက်ခွင့်ပြုခဲ့တဲ့အပေါ် တန်းတူညီမျမှု မရှိဘူးလို့ UWSA ‘၀’ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူတဦးက ဒီဗွီဘီကို ပြောပါတယ်” ဟု ဖော်ပြထားသည်။

“သူတို့ဘက်က တင်ပြတာ ရှိတယ်။ ဖွင့်ပွဲနေ့မှာ သူတို့အနေနဲ့ ရှေ့ဆုံးထိုင်ခုံမှာ နေရာလိုချင်တယ်။ “၀” နဲ့ မိုင်းလား ဆိုပြီး သူတို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ၁၇ ဖွဲ့ ရှိတဲ့အပေါ်မှာ အထူးဦးစားပေးပြီးတော့ ထိပ်ဆုံးက ခုံနှစ်ခုံကို “၀” နဲ့ မိုင်းလားအတွက် ကျွန်တော်တို့ ချန်ထားပေးတယ်။ ဆိုတော့ ကျန်တဲ့ခြောက်ခုံကို DPN ဘက်က သုံးခုံယူတယ်၊ ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ ရှစ်ဖွဲ့က သုံးခုံ ယူတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ပြီးတော့ သူတို့ကို ရှေ့ဆုံးမှာလည်း နေရာပေးတယ်။ ပြီးတော့ သူတို့အနေနဲ့လည်းပဲ ဘာခေါ်မလဲ…ကျွန်တော်တို့ဆီမှာ၊ ပွဲကျင်းပရေးကော်မတီဆီမှာ ဒီကနေ့အထိ အဲဒီလိုမျိုး ပြောတာမျိုး မရှိသေးဘူး။ ပြီးတော့ သူတို့ကို လေ့လာခွင့်အဖြစ်နဲ့ တက်ခွင့်ပေးတယ်ဆိုတာ လုံးဝ မမှန်ဘူး။ ကျွန်တော်တို့ ဒီကျင်းပရေးကော်မတီမှာ ဒီ ၁၇ ဖွဲ့ကို၊ ၁၇ ဖွဲ့ဆိုတဲ့နေရာမှာ ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ရှိတယ်။ ပြီးတော့ DPN က ခုနစ်ဖွဲ့ ရှိတယ်။ “၀” နဲ့ မိုင်းလား ရှိတယ်။ ဆိုတော့ အဲဒါ အားလုံးကို ကျွန်တော်တို့အနေနဲ့က တရားဝင် တက်ရောက်ခွင့်အဖြစ်နဲ့ တက်ရောက်ခွင့် သူတို့ကို ပေးတဲ့အတွက်ကြောင့်ပဲ ရှေ့ဆုံးမှာ သူတို့ ထိုင်ခုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ လေ့လာသူအဖြစ်နဲ့ ကျွန်တော်တို့ တရားဝင်ဖိတ်တာက နာဂတစ်ဖွဲ့ပဲ ရှိတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: