Photo : englishnews.thaipbs.or.th
ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံသားများ အသွားအလာများသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုအခါ ဇီကာဗိုင်းရပ်စ် Zika Virus ကူးစက်ပြန့်ပွားမှုများ ရှိနေသဖြင့် ချင်းမိုင်မြို့သို့ လာရောက်ရန် ရည်ရွယ်ထားသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်သည့် မိခင်လောင်းများအနေဖြင့် ခေတ္တရပ်ဆိုင်းထားသင့်ကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးက စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဇီကာဗိုင်းပ် ကူးစက်ပြန့်ပွားမှုများရှိနေပြီး ချင်းမိုင်မြို့၊ ဆန်ဆိုင်းခရိုင်၌ အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်(၈) လဆောင်ထားသူ မြန်မာနိုင်ငံသား အမျိုးသမီး ကူးကူးစက်ခံထားရကြောင်း၊ ၎င်းနေထိုင်ရာ နေအိမ်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်တွင် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းနှင့် ၎င်းနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို လူနာ၏ သဘောတူညီချက်မရဘဲ ထုတ်ပြန်မည် မဟုတ်ကြောင်း ချင်းမိုင် ပြည်သူ့ကျန်းမာရေးဌာနက အကြောင်းကြားထားမှုများ ရှိကြောင်း ပါရှိသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပါက အပူရှိန်တက်၍ အဖျားရှိခြင်း၊ အရေပြားယားယံခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရမည်ဖြစ်ကာ ကူးစက်ခံရသည့် မြန်မာနိုင်ငံသားများ ရှိပါက ကောင်စစ်ဝန်ရုံး၏ ဖုန်းနံပါတန်ဖြစ်သည့် ၀၅၂-၀၀၄၂၁၁ နှင့် ၀၆၁ ၂၇၂ ၇၇၇၅ သို့ ဆက်သွယ်ရန်နှင့် မြန်မာနိုင်ငံမှ လာရောက်မည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်သည့် မိခင်လောင်းများ ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်မှုကို ခေတ္တရပ်ဆိုင်းသင့်ပါကြောင်း ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားသည်။

ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပေါက်ဖွားသည့် ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကာ ကာကွယ်ဆေးနှင့် ကုသဆေးများ မရှိသေးပေ။

စက်တင်ဘာလ ၂ ရက်ကလည်း မြန်မာနိုင်ငံသားများ အသွားအလာများသည့် စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုများ ရှိနေပြီး မြန်မာနိုင်ငံသားတစ်ဦးလည်း ကူးစက်ခံနေရကြောင်း စင်ကာပူအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ထားသေးပြီး ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ဆောင် ရည်ရွယ်သည့် အမျိုးသမီးများ စင်ကာပူသို့ မလာရောက်ကြရန် တားမြစ်ထားသည်။

ယင်းထုတ်ပြန်ချက်နည်းတူ အမေရိကန်၊ သြစတြေးလျ၊ ထိုင်ဝမ်နှင့် ကိုရီးယာနိုင်ငံအစိုးရများက ၎င်းတို့နိုင်ငံသား ကိုယ်ဝန်ဆောင်များကို မလိုအပ်ပါက စင်ကာပူနိုင်ငံသို့ သွားရောက်ခြင်း မပြုကြရန် တိုက်တွန်းထားသေးပြီး ကိုယ်ဝန်ဆောင်များသို့ ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ဦးနှောက်မဖွံ့ဖြိုးသည့် ကလေးငယ်များကို မွေးဖွားလေ့ရှိကြောင်း သုတေသနစစ်တမ်းများက ဆိုထားသည်။

ဇီကာဗိုင်းရစ်ပိုးမှာ ဘရာဇီးနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကမ္ဘာ့အနှံ့အပြားသို့ ကူးစက်မှုများ ရှိနေပြီး လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်မှုများ ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: