ရန်ကုန်၊ စက်တင်ဘာ ၂၀

(၇၁) ကြိမ်မြောက် ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေသည့် စက်တင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ မူဝါဒရေးရာဆိုင်ရာ မိန့်ခွန်းအား တက်ရောက် ပြောကြားမည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံ စုပေါင်းပါဝင်မည့် အဆိုပါညီလာခံကို စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ယင်းညီလာခံသို့ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ကြမည် ဖြစ်သည်။

ယခုကျင်းပမည့် ညီလာခံဆောင်ပုဒ်အဖြစ် ကျွန်ုပ်တို့ ကမ္ဘာကြီး ပြုပြင်ပြောင်းလဲရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များဖြင့် တွန်းအားပေး ဆောင်ရွက်ကြစို့ဟူ၍ ဖြစ်ပြီး ယင်းဆောင်ပုဒ်ကို ညီလာခံသဘာပတိဖြစ်သူ ဖီဂျီနိုင်ငံမှ မစ္စတာ ပီတာသွန်မဆင်းက အဆိုပြုထားခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်ကို အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်တို့တွင် မိန့်ခွန်းပြောကြားမည့် မြန်မာစံတော်ချိန် ခန့်မှန်းအချိန် ည ၁၀ နာရီ ၄၅ မိနစ်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ စီစဉ်ထားသည်။

ကုလ အထွေထွေညီလာခံတွင် တက်ရောက်လာကြမည့် နိုင်ငံပေါင်းစုံ အကြီးအကဲများက မိမိတို့နိုင်ငံအလိုက် အထွေထွေ မူဝါဒရေးရာများနှင့် နိုင်ငံတကာရေးရာကိစ္စများအပေါ် သဘောထားအမြင်များကို တင်ပြဆွေးနွေးကြမည် ဖြစ်သည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ မိန့်ခွန်းမပြောမီကာလအတွင်း ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokovaw ၊ ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ် Mr.Lars Lokke Rasmussen ၊ မက္ကဆီကိုနိုင်ငံ သမ္မတ Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာတို့နှင့်လည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: