Photo – Chin World’s Facebook
ရန်ကုန်၊ စက်တင်ဘာ ၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ စီးယင်းသစ်တောကြိုးဝိုင်းအတွင်း စီးပွားရေးအရ ၀င်ရောက်နေထိုင်သူများအား ဖယ်ရှားပေးရန်အတွက် နှစ်ကြိမ်တိုင် သတိပေးခဲ့သော်လည်း လိုက်နာမှု မရှိသည့်အတွက် စက်တင်ဘာလ ၁ ရက်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များအသုံးပြုကာ စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးမိုက်ကယ်မန်ဟင်းဒါလ်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ဖလမ်းမြို့နယ်၊ စီးယင်းသစ်တောကြိုးဝိုင်း အမှတ် (၁၄၄) တွင် အိမ်ခြေပေါင်း ၃၆၀ ခန့် ကျူးကျော်နေထိုင်နေကြခြင်းဖြစ်ပြီး အိမ်များကို ယာယီတည်ဆောက်ထားကြခြင်း ဖြစ်သည်။

“သူတို့က ဒုက္ခသည်ပုံစံနဲ့ အကြောင်းပြပြီးတော့ ကျူးကျော်နေတာ။ ကြိုးဝိုင်းနယ်မြေဆိုတော့ ခွင့်ပြုလို့ မရဘူး။ နောက်တစ်ခုက အဲဒီမှာ သူတို့က ကျူးကျော်တဲ့သူကလည်း စီးပွားရေးအရ ကျူးကျော်တာ။ သူတို့ နေစရာ ထိုင်စရာမရှိဘဲနဲ့ ကျူးကျော်တာ မဟုတ်ဘူး။ အိမ်ခြေ ၃၆၀ ထဲမှာ ၃၀၀ လောက်က နေရာဦးထားတာ။ သူတို့နေတာ မဟုတ်ဘူး။ နေစရာမရှိလို့၊ ဒုက္ခသည် မဟုတ်ဘူး။ အိမ်ခြေ ၃၀၀ ကျော်လောက်က တိုင်တွေထောင်၊ အမိုးတွေ လုပ်ပြီးတော့ ယာယီလုပ်ထားတာ၊ နေရာဦးထားတာပေါ့နော်။ စီးပွားရေးအရ ကျူးကျော်တာ။ စုစုပေါင်း ၃၆၀ လောက် ရှိတယ်။ ဒါပေမဲ့ တကယ် စီးပွားရေးလုပ်စားတာက အိမ် ၃၀ လောက်က သူတို့က အဲဒီမှာ ပေကပ်နေနေတာပေါ့နော်။ ဟို သတိလည်း ပေးထားတာ။ ဇူလိုင်လကုန်ကတည်းက ၇ ရက် ပေးထားတယ်။ နောက်ပြီးတော့ နောက်တစ်ခါ သြဂုတ်လ ၂၂ ရက်နေ့ နောက်ဆုံး ထပ်ပေးထားတယ်။ အဲဒါကို စီးပွားရေးသမားတွေရယ်၊ တချို့ ပါတီအဖွဲ့တွေက သူတို့ကို သွေးထိုးလှုံ့ဆော်ပြီးတော့ ဆက်နေခိုင်းတာ။ အဲဒါ အခုတော့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ၊ နောက် ကလေးခရိုင်ရယ် အကူအညီတောင်းပြီးတော့ အဲဒါကို လုပ်တာ။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနဲ့ ပူးပေါင်းပြီးတော့ လုပ်တာ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးမိုက်ကယ်မန်ဟင်းဒါလ်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

သစ်တောကြိုးဝိုင်းအတွင်း ယာယီနေအိမ်တည်ဆောက်၍ ကျူးကျော်နေထိုင်သူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ မတူပီနှင့် တီးတိန်မြို့နယ်မှ လူများဖြစ်ကာ အဆိုပါနေရာအား ဘွလ်ပီးဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။

ကျူးကျော်နေထိုင်သူများကို ရဲတပ်ဖွဲ့ဝင်အားအား ၃၀၀ ကျော်ဖြင့် ၀င်ရောက်ရှင်းလင်း ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အခြေစိုက် Chin World မီဒီယာ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားပြီး ယင်းသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူများတွင် ဖလမ်းမြို့တွင် ၂၀၁၅ ရေဘေးဖြစ်စဉ်က ရေဘေးဒဏ်ထိခဲ့သော ပြည်သူများလည်း နေထိုင်လျက်ရှိကြောင်း ပြောဆိုမှုများလည်း ရှိသည်။

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင် တရားဥပဒေအတိုင်း သတိပေးပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ထပ်မံ၍ ဥပဒေချိုးဖောက်မှုများ ပြုလုပ်သွားပါက တရားဥပဒေကြောင်းအတိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်။

Photo – Chin World’s Facebook
“ရေဘေးဒုက္ခသည်က တစ်ယောက်မှ မပါဘူး။ ဖလမ်းက ရေဘေးဒုက္ခသည် တစ်ယောက်မှ မပါဘူး။ ရေဘေးဒုက္ခသည်က သပ်သပ် နေရာပေးထားတယ်။ အဲဒီနေရာကို ရေဘေးဒုက္ခသည်ကို ပေးတဲ့နေရာ မဟုတ်ဘူး။ သစ်တောကြိုးဝိုင်း။ အဲဒါ နေထိုင်ခွင့် မရှိဘူး။ သူတို့က သတိပေးချက်အရပေါ့နော်။ တရားဥပဒေအရ ဆောင်ရွက်တဲ့နေရာမှာ မလိုက်နာဘူးဆိုရင်တော့ တရားဥပဒေအရ အရေးယူရမှာပေါ့။ သူတို့ဟာသူတို့ ရှောင်သွားတယ်၊ သူတို့ဟာသူတို့ သူတို့ပစ္စည်းနဲ့ ထွက်သွားတယ်ဆိုရင်တော့ အထူးအထွေ မရှိပါဘူး။ ဒါပေမဲ့ ဥပဒေချိုးဖောက်လာရင်တော့ ဥပဒေချိုးဖောက်တဲ့ အတိုင်းအတာနဲ့ အရေးယူရမှာပေါ့။ ရေဘေးဒုက္ခသည်က တစ်ယောက်မှ မရှိဘူး။ အဲဒီမှာ ကျူးကျော်တာက စစ်ကိုင်းတိုင်း၊ ကလေးမြို့က ၁၀၀ ကျော် ရှိတယ်။ ကျန်တဲ့နေရာကနေပြီးတော့ နေရာဦးတဲ့အနေနဲ့ ၀ယ်ယူပြီးတော့ စီးပွားရေးအရ လုပ်စားတဲ့သူလည်း ရှိတယ်။ အဲဒါ နေရာယူထားတဲ့သဘောပဲ။ သူတို့အိမ်တွေက ယာယီဆောက်ထားပြီးတော့ လူလည်း မနေဘူး။ နေစရာမရှိ ဒုက္ခသည်တစ်ယောက်မှ မပါဘူး။ တရားမ၀င် ကျူးကျော်တဲ့သူက လိုအပ်ရင် တရားဥပဒေအရ အရေးယူရမှာပေါ့နော်။ သူတို့နယ်မြေ မဟုတ်ဘူးလေ။ ရောင်းစားလို့ ရတဲ့နယ်မြေ မဟုတ်ဘူး။ သူတို့ဟာသူတို့ ရှောင်သွားရင်တော့ အဆင်ပြေမှာပါ ” ဟု ၀န်ကြီး ဦးမိုက်ကယ်မန်ဟင်းဒါလ်က ဆိုသည်။

လက်ရှိတွင် ဘွလ်ပီးမှ ဖယ်ရှားခံရသူများမှာ စီးစံကျေးရွာတွင် ယာယီခိုလှုံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“အခုရောက်တာ လူဦးရေတော့ အတိအကျ မသိသေးဘူး။ စာရင်းယူနေတယ်။ နောက်ပြီး သူတို့ပစ္စည်းတွေက ကားနဲ့ သယ်တယ်လေ။ ကားနဲ့ လာသယ်တာလေ။ အရေအတွက်ကတော့ ပြောလို့ မရသေးဘူး။ များတော့ များတယ်။ ၁၀၀ တော့ ကျော်တယ်။ သူတို့က တောင်ပေါ်ကနေ များတယ်။ နောက်ပြီးတော့ သူတို့က အခု အိမ်လည်း မရှိတော့ဘူးလေ။ ဒီကို ပြောင်းလာတဲ့အခါမှာ သူတို့အိမ်တွေ အကုန်ဖျက်ပြီး အပြီးအပိုင် ပြောင်းလာတာဆိုတော့ ပြန်စရာနေရာလည်း မရှိတော့ဘူး။ သူတို့ကို အခု ကျွန်တော်တို့ အသင်းတော်ရဲ့ ခန်းမဆောက်ထားတာ ရှိတယ်။ အဲဒီ Hall မှာပဲ နေရာချထားပေးလိုက်တယ်။ ည အိပ်ဖို့ကျတော့ မစီစဉ်ရသေးဘူး” ဟု စီးစံဒေသခံ ဆလိုင်းမာန်သဲလ်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: