ရန်ကုန်၊ စက်တင်ဘာ ၃

လက်ရှိ ကျင်းပနေသည့် ၂၁ ပင်လုံညီလာခံအတွင်း အဖွဲ့အစည်းအသီးသီးမှ သဘောထားစာတမ်းများ တင်သွင်းရာတွင် ၎င်းတို့၏ သဘောထားများအား ပွင့်လင်းစွာ ပြောဆိုခဲ့မှုနှင့် တိုက်ခိုက်မှု ဆန်သော စကားရပ်များ ပါသော်လည်း ကြောက်စရာမလိုအပ်ကြောင်း စက်တင်ဘာလ ၃ ရက်တွင် ညီလာခံ ပထမအစည်းအဝေး နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုလိုက်သည်။

ပင်လုံညီလာခံအတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအပြင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများက သက်ဆိုင်ရာကဏ္ဍအလိုက် သဘောထားစာတမ်းများတွင် ပြည်တွင်းစစ်ကြောင့် ထိခိုက်နေရမှုများ၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပခွင့်ရဒေသ တောင်းဆိုမှုများ၊ ၂၀၀၈ အခြေခံဥပဒေ၏ အားနည်းချက်နှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် သက်ဆိုင်ရာ အကြောင်းအရာအလိုက် တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

“"အခုပြောသွားတဲ့အထဲမှာ ပွင့်ပွင့်လင်းလင်းဝေဖန်တာတို့ ၊ တိုက်ခိုက်တာတို့လည်း ပါသွားပါတယ် ဒီကိုယ်စားလှယ်တွေထဲမှာ။ ကျွန်မကလည်း ဒီလိုဖြစ်တာဟာ ဘာမှကြောက်စရာ မရှိဘူးလို့ ကျွန်မက ဒီလိုပဲ ယုံကြည်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ပြဿနာကို စိုးရိမ်စရာမရှိပါဘူး။ ပြဿနာ မရှိချင်ယောင် ဆောင်နေတာကသာ စိုးရိမ်စရာဖြစ်ပါတယ်။ ပြဿနာမရှိချင်ယောင် ဆောင်နေလို့ရှိရင်တော့ ပြဿနာတွေကို ကျွန်မတို့ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို သတ္တိရှိရှိနဲ့ ကျွန်မတို့ ဒီပြဿနာတွေကို ရင်ဆိုင်မယ်။ ဖြေရှင်းနိုင်တဲ့အရည်အချင်းတွေကို ကျွန်မတို့မွေးထုတ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီးတော့ တစ်ဦးကိုတစ်ဦး ကူညီမယ်။ ဖေးမမယ်။ တစ်ဦးရဲ့အမြင်ကို တစ်ဦးက လေးစားမယ်။ နားထောင်မယ်။ သဘောခြင်း မတိုက်ဆိုင်ရင်တောင်မှာ ဘာကြောင့်သဘောချင်းမတိုက်ဆိုင်တာလဲဆိုတာကို စဉ်းစားရမယ်။ ဒါမှ ကျွန်မတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့ လိုချင်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်သွားနိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ညီလာခံ ပထမအကြိမ် အစည်းအဝေး အပိတ်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ညီလာခံကျင်းပနေစဉ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဗိုလ်ချုပ်ဂွန်မော်ကလည်း သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ၌ “စစ်ကြေညာခြင်းလို့ အဓိပ္ပာယ်ကောက် မလွဲစေလိုပါ။ ညီလာခံဖြစ်ပါသောကြောင့် မိမိတို့၏ သဘောထားများကို လွတ်လပ်စွာ တင်ပြနေကြခြင်း ဖြစ်ပါတယ်” ဟူ၍ စက်တင်ဘာလ ၂ ရက်က ရေးသားထားသည်။

ညီလာခံအတွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဘက်မှ ပွင့်လင်းမြင်သာမှု ရှိစေရန်အလို့ငှာ တိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ကာ ယင်းထုတ်လွှင့်မှုအပေါ် ပြည်သူများက စောင့်ကြည့်နေကြောင်းနှင့် ညီလာခံကျင်းပရာတွင် မပီပြင်မှုများ ရှိခဲ့ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေက စောင့်ကြည့်နေကြပါတယ်။ ပြည်သူတွေက နားထောင်နေကြပါတယ်။ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ ဘယ်သူက ဘယ်လိုသဘောထားရှိပြီး ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ပြည်သူက ဆုံးဖြတ်မှာပါ။ ဒီညီလာခံကျင်းပတာမှာ မပီပြင်ဖြစ်ခဲ့တာလေးတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဒီညီလာခံကြီးဖြစ်မြောက်ဖို့ ဝိုင်းဝန်းပါဝင်လုပ်ဆောင်ခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ရှိတဲ့ ဒီညီလာခံကြီး ရတဲ့အချိန်လေး လုလုပ်ရတာပါ။ ဒါဆို ဘာလို့အချိန်မယူဘဲ လုပ်သလဲဆိုရင်တော့ ဒီကိစ္စက အချိန်ဆွဲရမယ့်  ကိစ္စမဟုတ်ဘူး။ ဒီညီလာခံကျင်ပတာဟာ အစိုးရအတွက်မဟုတ်ဘူး။ နောက်လာမယ့် မျိုးဆက်အတွက်ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ညီလာခံကျင်းပစဉ်အတွင်း တန်းတူညီတူ ဆက်ဆံမှု မရှိဘူးဟူသည့်အကြောင်းပြချက်ဖြင့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA မှ ကိုယ်စားလှယ်များ ပြန်သွားခြင်း ဖြစ်ရပ်မှလွဲလျှင် အခြားသော ထူးခြားဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘၀’ အဖွဲ့အပေါ် အပြစ်မတင်ကြရန်နှင့် အမျိုးသားရင်ကြားစေ့ရေး မထိခိုက်စေရန်အတွက် လမ်းညွှန်ထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက မီဒီယာများသို့ ရှင်းလင်းထားသည်။

ပင်လုံညီလာခံသို့ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ရှစ်ဖွဲ့၊ မထိုးထားသောအဖွဲ့ ကိုးဖွဲ့၊ စုစုပေါင်း ၁၇ ဖွဲ့ တက်ရောက်လျက်ရှိရာ ‘၀’ အဖွဲ့ ပြန်သွားသည့်အတွက် ကျန် ၁၆ ဖွဲ့ တက်ရောက်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: