Photo : channelnewsasia.com
ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံသားများ အသွားအလာများသည့် စင်ကာပူနိုင်ငံတွင် ယခုအခါ ဇီကာဗိုင်းရပ်စ် Zika Virus ကူးစက်ပြန့်ပွားမှုများ ရှိနေသဖြင့် စင်ကာပူသို့ လာရောက်ရန် ရည်ရွယ်ထားသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်သည့် မိခင်လောင်းများအနေဖြင့် ခေတ္တရပ်ဆိုင်းထားသင့်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသံရုံးက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံ၌ ဇီကာဗိုင်းပ် ကူးစက်ပြန့်ပွားမှုများရှိနေပြီး မြန်မာနိုင်ငံသား တစ်ဦးလည်းကူးစက်ခံထားရကြောင်း၊ ယင်းကူးစက်ခံရမှုမှာ သက်သာမှုများ ရှိလာပြီး ၎င်းနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို လူနာ၏ သဘောတူညီချက်မရဘဲ ထုတ်ပြန်မည် မဟုတ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားထားမှုများ ရှိကြောင်း ပါရှိသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပါက အပူရှိန်တက်၍ အဖျားရှိခြင်း၊ အရေပြားယားယံခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရမည်ဖြစ်ကာ ကူးစက်ခံရသည့် မြန်မာနိုင်ငံသားများ ရှိပါက သံရုံး၏ အရေးပေါ်ဖုန်းနံပါတ်ဖြစ်သည့် ၈၂၄၆ ၈၅၈၁ သို့ ဆက်သွယ်ရန်နှင့် မြန်မာနိုင်ငံမှ လာရောက်မည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်သည့် မိခင်လောင်းများ ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်မှုကို ခေတ္တရပ်ဆိုင်းသင့်ပါကြောင်း စင်ကာပူအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပေါက်ဖွားသည့် ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကာ ကာကွယ်ဆေးနှင့် ကုသဆေးများ မရှိသေးပေ။

မြန်မာသံရုံးနည်းတူ အမေရိကန်၊ သြစတြေးလျ၊ ထိုင်ဝမ်နှင့် ကိုရီးယာနိုင်ငံအစိုးရများက ၎င်းတို့နိုင်ငံသား ကိုယ်ဝန်ဆောင်များကို မလိုအပ်ပါက စင်ကာပူနိုင်ငံသို့ သွားရောက်ခြင်း မပြုကြရန် တိုက်တွန်းထားသေးပြီး ကိုယ်ဝန်ဆောင်များသို့ ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ဦးနှောက်မဖွံ့ဖြိုးသည့် ကလေးငယ်များကို မွေးဖွားလေ့ရှိကြောင်း သုတေသနစစ်တမ်းများက ဆိုထားသည်။

ဇီကာဗိုင်းရစ်ပိုးမှာ ဘရာဇီးနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကမ္ဘာ့အနှံ့အပြားသို့ ကူးစက်မှုများ ရှိနေပြီး လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်မှုများ ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: