ရန်ကုန်၊ ဧပြီ ၂

ကားအင်ဂျင်ပါဝါအပေါ်လိုက်၍ ဘီးခွန်ကောက်ခံမှုစနစ်ကို ရန်ကုန်တိုင်းအတွင်း ဧပြီလ ၁ ရက်မှစ၍ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း မော်တော်ယာဉ် မောင်းနှင်သူများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။
   
ယခင်က ယာဉ်တန်ချိန် ကီလိုဂရမ်အလိုက်သာ ဘီးခွန်ကိုကောက်ခံခဲ့ရမှ ယခုအခါ ကားအင်ဂျင်ပါဝါပေါ် မူတည်၍ ပြောင်းလဲကောက်ခံခြင်း ဖြစ်ပြီး အခွန်နှုန်းထားသစ်အရ အနည်းဆုံးကျပ်သုံးသောင်းကျော်မှ အမြင့်ဆုံး ကျပ်တစ်သိန်းကျော်အထိ ပြောင်းလဲပေးဆောင်ရတော့မည် ဖြစ်သည်။

ပြောင်းလဲကောက်ခံသည့် ဘီးခွန်နှုန်းထားများမှာ အင်ဂျင်ပါဝါ ၆၆၀ CC ယာဉ်များအတွက် တစ်ရက်လျှင် ၁၀၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၃၆၅၀၀ ကျပ်၊ ၆၆၀ CC မှ မှ ၁၃၀၀ CC အထိအတွက် တစ်ရက်လျှင် ၁၅၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၅၄၇၅၀ ကျပ်၊ ၁၃၀၀ CC မှ ၂၀၀၀ CC အတွက် တစ်ရက်လျှင် ၂၀၀ ကျပ်ဖြင့် တစ်နှစ်အတွက် ၇၃၀၀ ကျပ် ဖြစ်သည်။

၂၀၀၀ CC မှ ၄၃၀၀ CC အင်ဂျင်ပါဝါရှိသော ယာဉ်များအတွက် တစ်ရက်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် တစ်နှစ်အတွက် ၉၁၂၅၀ ကျပ် ကျသင့်မည်ဖြစ်ကာ အင်ဂျင်ပါဝါ ၄၃၀၀ CC အထက် ယာဉ်များကိုမူ တစ်ရက်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်အတွက် ၁၀၉၅၀၀ ကျပ် ကျသင့်မည် ဖြစ်သည်။

ယခင်က ကောက်ခံသည့် နှုန်းထားများမှာ မော်တော်ယာဉ်အမျိုးအစားအလိုက် ၃၀၀၁ မှ ၄၀၀၀ ကီလိုဂရမ်ကားအတွက် တစ်နှစ်လျှင် ၁၅၆၀ ကျပ်။ ၄၀၀၁ မှ ၅၀၀၀ အထိ တစ်နှစ် ၂၂၈၀ ကျပ်၊ ၅၀၀၁ မှ ၆၀၀၀ အထိ ၂၅၂၀ ကျပ်၊ ၆၀၀၁ မှ ၇၀၀၀ အထိ ၃၀၀၀ ကျပ်၊ ၇၀၀၁ မှ ၈၀၀၀ အထိ ၃၃၆၀ ကျပ်၊ ၈၀၀၁ မှ ၉၀၀၀ အထိ ၃၇၂၀ ကျပ်နှင့် ၉၀၀၁ မှ ၁၀၀၀၀ အထိ ၄၃၂၀ ကျပ်သာ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တရားဝင်မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ငါးသိန်းကျော်ရှိကြောင်း ယခု ပြောင်းးလဲလိုက်သည့် ဘီးခွန်နှုန်းထားအရ ယာဉ်တစ်စီးလျှင် အနည်းဆုံး ကျပ် ၃၀၀၀၀ ကျော်မှ အများဆုံး တစ်သိန်းကျော်အထိ အခွန်ပေးဆောင်ရတော့မည် ဖြစ်သည်။

ယင်းသို့ ပြောင်းလဲကောက်ခံရန်အတွက် ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တို့၏ လေ့လာဆန်းစစ်ချက်များအရ ပြောင်းလဲကောက်ခံရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းလွှတ်တော် အစည်းအဝေးတစ်ရပ်တွင် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: