ရန်ကုန်၊ ဧပြီ ၁၉

အစိုးရ၀န်ထမ်းများ လစာတိုးပေးမည်ဟု ပြောဆိုခဲ့သည့် နှစ်သစ်ကူး သမ္မတမိန့်ခွန်းပါ အချက်အလက်များမှာ မှားယွင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြောဆိုခဲ့သည့် သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၀န်ထမ်းလစာတိုးမြှင့်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ “ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ပါရှိရာ ယင်းတွက်ချက်မှုမှာ မှားယွင်းခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းမှားယွင်းမှုနှင့် ပတ်သက်၍ စီမံ/ဘဏ္ဍာဝန်ကြီးဌာနက “၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းစက်စကားတွင် မိမိတို့ ၀န်ကြီးဌာန၏ မှားယွင်းတွက်ချက်မှုအရ “အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်” ဟု ဖော်ပြပါရှိခဲ့ပါတယ်။ ယင်းဖော်ပြချက်အစား တွက်ချက်မှုအမှန်ဖြစ်သည့် “အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၄၄၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

လစာတိုးမြှင့်ပေးမည့် အစီအစဉ်အရ ပြန်တမ်းဝင်အဆင့်နှင့် အထက်ဖြစ်သော အရာထမ်းများအတွက် လစာ၏ ၁၀ ရာခိုင်နှုန်းနှင့် ပြန်တမ်းဝင်အဆင့်အောက် အမှုထမ်းများအတွက် လစာ၏ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: