ရန်ကုန်၊ ဧပြီ ၁၇

တောင်သူများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးအလို့ငှာ လယ်ယာမြေသွင်းအားစုများဖြစ်သည့် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများအတွက် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောဆိုလိုက်သည်။

“ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံးကိရိယာ စတဲ့ လယ်ယာမြေသွင်းအားစုတွေ အခွန် ကင်းလွတ်ခွင့် ပေးမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံးရှိ တောင်သူများ၏ မြေပိုင်ဆိုင်ခွင့်လက်မှတ်များကို တစ်နှစ်အတွင်း ရရှိစေရန်အတွက် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း စိုက်ပျိုးရာသီအမီ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါသည့် စိုက်ပျိုးရေအပါအ၀င် လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ရရှိရေးတို့ကိုလည်း ယခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧကပေါင်း သန်း ၃၀ ရှိပြီး တစ်နိုင်ငံလုံး မြေဧက၏ ၁၈ ရာခိုင်နှုန်း ရှိပြီး တောင်သူအများစုမှ လယ်ယာလုပ်ငန်းအတွက် လိုအပ်သော စက်ကိရိယာများကို ငှားရမ်းသုံးစွဲနေကြရခြင်း ဖြစ်သည်။

လတ်တလောတွင် အစိုးရက လယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုစခန်းပေါင်း ၁၀၀ ကျော်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် လယ်ယာသုံးကိရိယာဝန်ဆောင်မှုစခန်းများ ဖွင့်လှစ်ထားကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: