ရန်ကုန်၊ ဧပြီ ၎

နိုင်ငံတော်၏ e-government စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် အစိုးရ၀န်ထမ်း ၈၀၀ ကျော် သင်တန်းပို့ချထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

ဧပြီလ ၃ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကဏ္ဍတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

“နိုင်ငံတော်၏ e-Government စနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆိုက်ဘာလုံခြုံ ရေးအတွက် အိုင်စီတီသင်တန်းများကို ဗဟို အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ CIO များအား ပို့ချပေးလျက် ရှိရာ နှစ်နှစ်တာအတွင်း သင်တန်းသား ၈ဝဝ ကျော်ကို ပို့ချပေးခဲ့သည်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကို ကိုးကား၍ ဖော်ပြထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍနှင့် ပတ်သက်၍ ဓာတ်ပုံရိုက်ကူးနိုင်သော ကီလိုဂရမ် ၅၀ ခန့်ရှိ Earth Observing Satellite – EOS ဂြိုဟ်တုတစ်ခု လွှင့်တင်အသုံးပြုနိုင်ရေးအတွက် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး Hokkaido တက္ကသိုလ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ထည့်ဝင်ဆောင်ရွက်ရမည့် Myanmar Set-2 စနစ် အကောင်အထည်ဖော်ရန်လည်း အစိုးရက ရည်ရွယ်ထားသည်။

အစိုးရအနေဖြင့် ပြည်တွင်း၌ လူမှုကွန်ရက် ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ရန်အတွက် အဖွဲ့ဖွဲ့စည်းကာ လုပ်ဆောင်လျက်ရှိပြီး ယင်းအတွက် နိုင်ငံတော်၏ အရေးပေါ်ရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၆၄၀၀ ကျော်ကို သုံးစွဲထားကြောင်းလည်း မတ်လ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောဆိုခဲ့ဖူးသည်။ ယင်းသုံးစွဲငွေမှာ စောင့်ကြည့်ရေးအဖွဲ့အတွက် လိုအပ်သည့် ကွန်ပျူတာကဲ့သို့သော Hardware နှင့် Software များ ၀ယ်ယူရန်အတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: