ရန်ကုန်၊ ဇူလိုင် ၃၀

နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရလိုမှုရှိပြီး ယင်းမှာ ပြည်သူတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်သည့်အတွက် ပြည်သူ့မျှော်လင့်ချက်အား မဖြစ်မနေ ဖော်ဆောင်ပေးကြရန်အတွက် ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်း အသီးသီးတို့အား ပန်ကြားမေတ္တာရပ်ခံကြောင်း စစ်ဗိုလ်ချုပ်ဟောင်းနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းက “ပြည်သူ့မျှော်လင့်ချက်” ဟူသည့် အမည်ဖြင့် ကြေညာချက်တစ်ရပ်အား ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

Thura U Shwe Mann အမည်ဖြင့် ဖွင့်လှစ်ထားသော အဆိုပါ လူမှုကွန်ရက် ဖေ့ဘုတ် Acc တွင် ဖော်ပြထားသည့် ပန်ကြားမေတ္တာရပ်ခံစာမှာ ၂၁ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရအဖွဲ့က ပြုလုပ်နေချိန်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ လတ်တလောတွင် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးထားရသေးသော လက်နက်ကိုင်အဖွဲ့များ မိုင်ဂျားယန်တွင် ဆွေးနွေးပွဲပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။


“ပြည်သူ့မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ ပန်ကြားမေတ္တာရပ်ခံစာတွင် “ပြည်သူများက ငြိမ်းချမ်းရေးကို တကယ်ရလိုကြတယ်။ ဒါ ပြည်သူရဲ့ အဓိက လိုအပ်ချက်ပါ။ မျှော်လင့်ချက်ပါ။ ငြိမ်းချမ်းရေးရရန် ယနေ့အစိုးရက ဦးဆောင်ပြီး ကြိုးစားနေတယ်။ ယခင်ကလည်း ဒီလိုရှိခဲ့ပါတယ်။ သို့ရာတွင် ယနေ့ကာလ ယနေ့အခြေအနေက ထူးခြားမှုတွေ ပိုရှိနေပြီ။ အခြေအနေကောင်းတွေ ရှိနေပြီ။ ဒီအခွင့်အရေးများကို အမိအရ အသုံးချပေးကြပါ။ အသုံးပြုပေးကြပါ။ ပြည်သူကို တကယ်လေးစားလျှင်၊ နိုင်ငံ (ပြည်ထောင်စု) ကို တကယ်ချစ်လျှင် ပြည်သူ့မျှော်လင့်ချက်ကို မဖြစ်မနေ ဖော်ဆောင်ပေးကြပါလို့ ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးအား ပန်ကြားမေတ္တာရပ်ခံပါတယ် - ပြည်သူများနှင့်အတူ သူရဦးရွှေမန်း” ဟု ဖော်ပြပါရှိသည်။

ခေါင်းဆောင်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးဟု ဖော်ပြထားရာတွင်မူ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ခေါင်းဆောင်များကို ဆိုလိုသည်မူ တိကျစွာ ရေးသားဖော်ပြထားခြင်း မရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: