ကလေး၊ ဇူလိုင် ၂၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်လျက်ရှိသည့် မျှဝေရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာတွင် ပြုလုပ်ခဲ့ရာ ချို့တဲ့ကျောင်းသား ၄၅ ဦးအား ကျောင်းသားထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းအနေဖြင့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်တို့အပြင် ထီးနှင့် ကျောင်းဝတ်အင်္ကျီများကို ပေးအပ်ခဲ့ခြင်းဖြစ်ကာ အခြေခံမူလတန်းအဆင့်မှ အဌမတန်း ကျောင်းသားအထိ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် ဦးတင်မောင်ကျော်က “စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာလို ချို့တဲ့ကျောင်းသားကျောင်းသူတွေကို မြို့နယ် NLD ပါတီကတစ်ဆင့် ဖြန့်ဝေပေးခိုင်းတဲ့အတွက် ကျွန်တော်တို့ ထိုမာကျေးရွာ NLD အဖွဲ့ဝင်တွေက ကျောင်းသားကျောင်းသူလက်ထဲကို ကိုယ်တိုင် နာမည်စာရင်းကောက်ပြီး ဖြန့်ဝေပေးနေတာပါ။ အတန်းကတော့ ရှစ်တန်းကျောင်းသူကျောင်းသားများအထိ ဖြန့်ဝေပေးပါတယ်” ဟု အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းမျှဝေခြင်းအစီအစဉ်ကို ကလေးခရိုင်အတွင်းရှိ ကျေးရွာအုပ်စု ၆၀ မှ ရေဘေးသင့်ကျောင်းများတွင် အဓိကထား လုပ်ဆောင်ပေးနေခြင်းဖြစ်ကာ ချို့တဲ့ကျောင်းသားမိခင် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှမြင့်က “ကျွန်မကတော့ ဒီလိုမျှဝေပေးတဲ့အတွက် NLD အဖွဲ့သူ၊ အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။ နောင်လည်း ဒီလိုမျိုး များများဝပေးနိုင်ပါစေလို့ ပြောချင်တယ်” ဟု ဆိုသည်။

မျှဝေခြင်း အစီအစဉ်မှာ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင်သာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်း လုပ်ဆောင်နေသည့် အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: