ကလေး၊ ဇူလိုင် ၃၀

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ထိ ကလေးမြို့နှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများပေါ် မူတည်၍ အစိုးရတာဝန်ရှိသူများဘက်မှ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၉ ရက်က ကလေးမြို့နယ်၊ မြို့နယ်ခန်းမတွင် “တွေ့ဆုံပွဲ” အမည်ဖြင့် ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲသို့ ကလေးခရိုင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဖြေရှင်းရန်အတွက် ဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ (ကလေးခရိုင်) ဦးအောင်ဇော်မိုး အပါအ၀င် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအလိုက် တက်ရောက်ရှင်းလင်းခဲ့ကြပြီး လူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

“ပြီးခဲ့သည့်နှစ်က ရေလျှံမှုဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်တဲ့ အခြေအနေကတစ်ဆင့် အခုနှစ်မှာ ဒီလိုမဖြစ်အောင် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သို့ပါသော်လည်း အစီအမံဆိုသည်မှာ ဖြစ်လာနိုင်သော အခြေအနေအပေါ် တွေးခေါ်စဉ်းစားဆောင်ရွက်တာဖြစ်လို့ ရာနှုန်းပြည့်တော့ ပြည့်စုံနိုင်တာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာနိုင်တဲ့ အခြေအနေကို ဘယ်သူမှ အတိအကျ ပြောကြားထားတာလည်း မရှိပါဘူး။ ဘယ်သူမှလည်း မသိဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ စီမံချက်တစ်ခုအနေနဲ့ သွားရမယ်ဆိုတာ အာမခံတယ်။ မနှစ်က အဖြစ်မျိုး မဖြစ်စေရဘူး။ ကျွန်တော့်အနေနဲ့ စီမံဆောင်ရွက်ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျှော့ကျစေဖို့ ကြွရောက်လာသူများကတစ်ဆင့် သတင်းတွေကို ဖြန့်ဝေပေးဖို့၊ မီဒီယာများကလည်း ဖြန့်ဝေပေးကြပါ” ဟု ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် သစ်တော၊ ဆည်မြောင်း၊ စည်ပင်၊ အဆင့်ဆင့်အလိုက် ဖွဲ့စည်းထားသော အုပ်ချုပ်ရေးအဖွဲ့အစည်းများက ၎င်းတို့ ပြင်ဆင်ထားသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက လုပ်ဆောင်သွားမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြသည်။

အဆိုပါ ကြိုတင်ပြင်ဆင်မှုများတွင် ရေဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်မည့်နေရာများအား ကြိုတင်သတ်မှတ်ထားခြင်း၊ ရေဘေးသင့်နိုင်သော ဒေသခံပြည်သူများ၏ နေအိမ်များအား မှတ်တမ်းဓာတ်ပုံများ ရိုက်ယူ၍ ပြုစုထားခြင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအလိုက် ဇုံများ သတ်မှတ်၍ ကာကွယ်ရေးအစီအမံများအတွက် ပြင်ဆင်ထားမှု စသည့် လုပ်ငန်းစဉ်များလည်း ပါဝင်သည်။

ထို့ပြင် လတ်တလော ရေ၀င်နေသည့် ဟုမ္မလင်းမြို့ အခြေအနေနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများဘက်မှ လုပ်ဆောင်နေမှုများ၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ ခန္တီးနှင့် ဖောင်းပြင်မြို့တို့၏ ရေဘေး ထိခိုက်နိုင်မှု အခြေအနေများနှင့် ပြင်ဆင်ထားရှိမှုများ၊ ရာဇဂြိုဟ်ဆည်နှင့် ရေဘေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း အခြေအနေများကိုလည်း ကဏ္ဍအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းခဲ့ကြသေးသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: