ရန်ကုန်၊ ဇူလိုင် ၃၁

စာသင်ကြားခြင်းနှင့် စာမေးပွဲစစ်ခြင်းများ ဗမာစကားဖြင့် ပြုလုပ်ခြင်းသည် လက်တွေ့ကျကျလုပ်ရသော ကိစ္စဖြစ်သည်ဆိုသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားသည် တိုင်းရင်းသားဆွေးနွေးပွဲများကို ရိုက်ခတ်နိုင်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သုံးသပ်ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ စာပေဗိမာန်၌ တက္ကသိုလ် ဆရာ/ဆရာမများ သမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်သော ငြိမ်းချမ်းရေးအတွက်ပညာရေးဆွေးနွေးပွဲ၌ အထက်ပါအတိုင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။


''ဒီကိစ္စက လက်တွေ့မကျပါဘူး။ အဲဒီစကားကို အကျယ်ချဲ့လိုက်ရင် မိုင်ဂျာယန်ကိုသွားပြီး ရိုက်ခက်မယ်။ ၂၁ ပင်လုံကိုပါ ရိုက်ခတ်မယ်။ ကလေးတွေက ကျောင်းမှာ မိခင်ဘာသာနဲ့ ၆၀ ရာခိုင်နှုန်းလောက်သင်ခွင့်ရရင် ပိုတိုးတက်မူရှိတယ်။ မိခင်ဘာသာစကားကို အသုံးချမှသာ ပိုပြီးထိရောက်ပါတယ်'' ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုင်းလားဒေသမှ လူငယ်တစ်ရာကျော်တို့ ဇူလိုင်လ ၂၉ ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ပညာရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်က ဗမာစကားဖြင့် စာသင်ကြားခြင်း၊ စာမေးပွဲစစ်ခြင်းများသည် လက်တွေ့ကျကျလုပ်ရသော ကိစ္စဖြစ်ကြောင်းပြောကြားခဲ့ခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ်လာခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်ထိ အစိုးရသစ်အနေဖြင့် ပညာရေးနှင့် ပတ်သက်၍ တိကျသည့် အစီအစဉ်များ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးဘဲ အစိုးရဟောင်၏ စနစ်ဖြင့်သာ ကျင့်သုံးနေပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြောစကားသည် မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် ရလိုသော တိုင်းရင်းသားများနှင့် ပညာရေးလှုပ်ရှားသူများကို စိုးရိမ်ဖွယ်ဖြစ်စေကြောင်း NNER မှ ဒေါက်တာညိုညိုသင်းကပြောသည်။

''မိုင်းလားဒေသက လူငယ်တစ်ရာကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံပွဲက မေးခွန်းနဲ့ အဖြေတွေကို မနေ့က ကြေညာပါတယ်။ အမေးအဖြေတွေထဲမှာ ပညာရေးကိစ္စလည်းပါတယ်။ တိုင်းရင်းသားလူငယ်တစ်ယောက်က မေးတယ်။ ကျွန်မမေးချင်တာက နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေက ပညာရေးမှာ နိမ့်ကျတယ်။ အဲဒီအတွက် အစိုးရက ဘယ်လို စီမံချက်တွေ ရှိပါသလဲလို့မေးတယ်။ အဲဒီမှာ ဖြေထားတာက ပညာရေးစနစ်ဟာ ကျယ်ပြန့်ဖို့လိုတယ်။ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ယဉ်ကျေးမူတွေကို တန်းတူလေးစားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ဆိုရင် တချို့ကပြောမယ်၊ တန်းတူရေးကို လေးစားတယ်ဆိုရင် ဘာဖြစ်လို့ ကျောင်းတွေမှာ ဗမာစကားနဲ့ပဲ သင်ရသလဲ၊ ဘာဖြစ်လို့ ဗမာစကားနဲ့ပဲ ၁၀ တန်းစာမေးပွဲစစ်သလဲ၊ အဲ့ဒါကတော့ လက်တွေ့ကျကျ လုပ်ရတဲ့ကိစ္စဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေထားတယ်။ ဒါက နိုင်ငံမှာရှိတဲ့ကျောင်းတွေကို ဗမာစကားနဲ့ သင်ကြားခြင်းသည်သာ လက်တွေ့ကျတဲ့ ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်'' ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်ရန်နှင့် တိုင်းရင်းသားလူမျိုးများအား မိခင်ဘာသာစကားကို အခြေပြုသင်ကြားသည့် ပညာရေးစနစ်ဖြစ်ပေါ်စေရန် တိုင်းရင်းသားများနှင့် NNER အပါအဝင် ပညာရေးလှုပ်ရှားသူများက ယခင်အစိုးရလက်ထက်မှတိုင် ယနေ့ထိ တောင်းဆိုလာခဲ့သော်လည်း အစိုးရသစ်အနေဖြင့် ယနေ့ချိန်ထိ ပညာရေးအတွက် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

နေမင်းသူ
Share To:

Aung Maw

Post A Comment: