Photo by Myanmar State Counsellor Office's facebook
ရန်ကုန်၊ ဇူလိုင် ၂၉

သားသမီးရှိသည့် မိဘများအနေဖြင့် မိမိ၏ သားသမီးများ၏ အနာဂတ်တွင် တွေ့ကြုံလာမယ့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန်အတွက် ပစ္စည်းဥစ္စာအမွေပေးခြင်းထက် ပညာအမွေသာ ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် ‘၀’ နှင့် မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ ဦးနှင့် တွေ့ဆုံခဲ့စဉ် လူငယ်များဘက်မှ အချို့သော မိဘများမှာ ပညာ၏ တန်ဖိုးအပေါ် နားလည်မှု အားနည်းခြင်းကြောင့် ယင်းမိဘများပေါ် ပညာရေးတန်ဖိုးအား နားလည်စေရန်အတွက် တိုက်တွန်းစကား ပြောဆိုခိုင်းခဲ့ရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မိဘတွေ တော်တော်များများဟာ ပညာဆိုတာ ဘွဲ့ရတာပဲ ထင်နေကြတယ်။ ပညာဆိုတဲ့ အနှစ်သာရ အဓိပ္ပါယ်ကို မလေ့လာကြဘူး။ သိပ်ပြီးတော့ သဘောမပေါက်တာလို့လည်း ပြောရမယ်။ တချို့က ကိုယ့်သားသမီးတွေ ဘွဲ့ရတာကို ဂုဏ်ယူတယ်။ ၀တ်ရုံကြီးရုံပြီး ဘွဲ့ယူ၊ ဓာတ်ပုံတင်၊ အိမ်မှာ ချိတ်ထား အင်မတန် ဂုဏ်ယူတယ်။ ဘွဲ့ကြီးယူထားပြီးတော့ အလုပ်ရနိုင်လား၊ မရနိုင်လား သိပ်မစဉ်းစားကြဘူး။ အခု ကမ္ဘာပေါ်မှာ ပညာအဆင့် အကောင်းဆုံးလို့ပြောတဲ့ တောင်ကိုရီးယားမှာ ဘွဲ့ရပြီးတော့ အလုပ်မရတဲ့လူတွေ အများကြီးရှိနေတယ်။ အခုမှ သူတို့က အသက်မွေးဝမ်းကြောင်းပညာကို အားပေးတယ်။ အသက်မွေးဝမ်းကြောင်းပညာနဲ့သွားမှ အဆင်ပြေမယ်ဆိုတာကို အစိုးရက သိတယ်။ ဒါပေမဲ့ မိဘတွေက လက်မခံသေးဘူး။ အစိုးရကနေပြီးတော့မှ အသက်မွေးဝမ်းကြောင်းပညာကို တွန်းတယ်အားပေးတယ်။ ဒါပေမဲလို့ မိဘ။ လူမှုအသိုင်းအ၀န်းက တက္ကသိုလ်ပညာကိုပဲ အလေးထားတယ်။ အဲဒီတော့ ပြောချင်တာက ဂုဏ်ပကာသနကို ကြည့်တာပေါ့။ ကျွန်မက မိဘတွေကို ဘယ်လိုပြောရမလဲဆိုရင် ကိုယ့်ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် စိတ်ချလက်ချနဲ့ ငါတို့ သားသမီးတွေဟာ ဘ၀မှာ၊ သူတို့ဘ၀မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ ဆက်ပြီးတော့ လမ်းလျှောက်နိုင်မယ်ဆိုတဲ့ စိတ်ချမှုမျိုး လိုချင်ရင် သားသမီးတွေကို ပညာပေးရမယ်။ ကိုယ့်ဟာကို ရပ်တည်နိုင်ရင် ဒီသားသမီးများဟာ မိမိတို့ဘ၀မှာ မိမိတို့ ဘာသာရပ်တည်နိုင်တဲ့ ပညာတွေ ပေးရမယ်။ အဲဒီပညာအမွေကို ပေးမယ်ဆိုရင် တခြားဘာမှ မလိုဘူး။” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် တက်ရောက်လာသည့် လူငယ်များဘက်မှ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအတွက် ပညာရေးကဏ္ဍတွင် အစိုးရက မည်သို့သော စီမံချက်များ ထားရှိသည်ကို သိရှိလိုကြောင်းလည်း မေးမြန်းခဲ့ကြသေးသည်။

ယင်း မေးမြန်းမှုနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပညာရေးနဲ့ပတ်သက်လို့ရှိရင် တကယ်ပဲ နယ်စပ်က ရှိတဲ့အနေအထားက ပြည်မထက် ပိုဆိုးတယ်ဆိုတာ ကျွန်မ ၀န်ခံပါတယ်။ ဒါပေမဲ ပြည်မမှာလည်း ဒီလောက်အထိ အခြေအနေကောင်းတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံးကတော့ ကျွန်မတို့ တိုင်းရင်းသားတွေ ကြားထဲမှာ ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက်ရှိဖို့ လိုပါတယ်။ ဆရာ၊ ဆရာမတွေကလည်း တကယ်ဆိုလိုရှိရင် ကျောင်းအဆောက်အဦထက်တောင်ပိုအရေးကြီးပါတယ်။ ကျောင်း အဆောက်အဦတွေရှိပြီး၊ ကျောင်းခန်းတွေရှိပြီး ဆရာဆရာမတွေ မရှိလို့ရှိရင် အလကားပဲ။ အဲဒီတော့ ကျွန်မတို့က ပိုပြီးတော့ ဆရာ-ဆရာမတွေများများ၊ ဘာသာစကားတွေတတ်တဲ့ ဆရာ-ဆရာမတွေ မွေးထုတ်ပေးဖို့ အလေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကြားထဲမှာ ပြောနိုင်ဆိုနိုင်မှသာလျှင် သင်ပေးနိုင်မှာကိုး။ နောက်တစ်ခုကလည်း ကျွန်မတို့က လမ်းပန်းဆက်သွယ်ရေး သိပ်အရေးကြီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ပြည်မနဲ့ နယ်စပ်တွေကြားထဲမှာ အဆက်အသွယ်ရှိမှ ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားကိစ္စတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်မှာပါ။ ပြီးတော့လည်း ကျွန်မတို့က အပြန်အလှန် ကူးလူးဆက်ဆံဖို့လည်း ဖြစ်စေချင်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: