Photo by Salai Isaac Khen's Facebook
ဟားခါး၊ ဇူလိုင် ၂၉

တည်ဆောက်နေဆဲဖြစ်သည့် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်အား လာမည့် နိုဝင်ဘာလအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌနှင့် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဇူလိုင်လ ၂၉ ရက်တွင် အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလိုက်သည်။

တက္ကသိုလ်အား အထူးပြုဘာသာရပ် ရှစ်ခုဖြင့် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားရှိပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲဖြစ်သည့် ပါမောက္ခချုပ်နေရာအတွက် ခန့်ထားမည့်သူအတွက်လည်း တရားဝင် စာထွက်ပြီးလည်း ဖြစ်သည်။

“ဟားခါးတက္ကသိုလ်က နိုဝင်ဘာလမှာ စဖွင့်ဖို့ ရှိမယ်။ ပြီးတော့ ဒီဇင်ဘာ ပညာသင်နှစ်မှာ စပြီးတော့မှ ကျောင်းတတ်နိုင်အောင်ပေါ့။ လောလောဆယ်တော့ ဒီနှစ် အနည်းဆုံး မေဂျာရှစ်ခုလောက်နဲ့ စပြီးတော့မှ သင်နိုင်မလားပေါ့။ ဆိုတော့ စာသင်ဆောင်ကတော့ နှစ်ဆောင် ပြီးပြီ။ နောက်ပြီး ဆရာ၊ ဆရာမနေမယ့် အဆောင်တစ်ဆောင်။ နောက်ပြီးတော့မှ ကျောင်းသားအဆောင်ကလည်း တစ်ဆောင်ပြီးပြီးပေါ့။ ဆိုတော့ ကျွန်တော်တို့ လာမယ့် နိုဝင်ဘာလမှာ စဖွင့်နိုင်ဖို့။ လောလောဆယ် တာဝန်ယူမယ့်ကျောင်းအုပ်လည်း ရုံးစာထွက်လာပြီပေါ့။ ကျွန်တော်တို့ လာမယ့် ဒီဇင်ဘာ စာသင်နှစ်မှာ စပြီးတော့မှ ဖွင့်နိုင်မှာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

နိုဝင်ဘာလအတွင် ဖွင့်လှစ်မည့် ဟားခါးတက္ကသိုလ်မှာ ချင်းပြည်နယ်တစ်ခုလုံးအတွက် ပထမဆုံး ဖွင့်လှစ်မည့် တက္ကသိုလ်လည်း ဖြစ်သည်။ ယခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အား ချင်းပြည်နယ် တက္ကသိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကလေးတက္ကသိုလ်အဖြစ်သာ သတ်မှတ်လိုက်သည့်အတွက် ချင်းပြည်နယ်တွင် တက္ကသိုလ် မရှိခဲ့ခြင်းလည်း ဖြစ်သည်။

“အရင်တုန်းကတော့ အခု ကလေးတက္ကသိုလ်ပေါ့နော်။ ကလေးတက္ကသိုလ်က အရင်တုန်းက ချင်းပြည်နယ်ကောလိပ်၊ ချင်းပြည်နယ်တက္ကသိုလ်ဆိုပြီးတော့မှ ကြိုးစားခဲ့တာပေါ့။ သို့သော်လည်းပဲ နောက်ပိုင်းမှာ ကလေးတက္ကသိုလ်ဆိုပြီး ဖြစ်သွားတဲ့အခါမှာ ချင်းပြည်နယ်နဲ့မဆိုင်သလို ဖြစ်သွားတယ်ပေါ့။ တကယ်လို့များ ကလေးတက္ကသိုလ်အစား ခိုင်ကမ့်တက္ကသိုလ်ဆိုပြီး လုပ်ရင်တော့ ချင်းပြည်နယ်နဲ့ ဆိုင်မှာပေါ့။ ဆိုတော့ အခုက ကလေးတက္ကသိုလ်လို့ ရှိပေမယ့် မြေကြီးတည်နေရာက ချင်းပြည်နယ်ထဲမှာပေါ့။ သို့သော် ကလေးတက္ကသိုလ်လို့ သုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒါက ချင်းပြည်နယ်နဲ့ မဆိုင်သလို ဖြစ်သွားတာ။ ဆိုတော့ အခု ဟားခါးတက္ကသိုလ်တို့၊ ဟားခါးပညာရေးကောလိပ်တို့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ချင်းပြည်နယ်မှာ ပထမဆုံး၊ တကယ့်တကယ် ကိုယ့်ချင်းမြေပေါ်မှာ ချင်းနာမည်နဲ့ တည်ဆောက်နိုင်တဲ့တက္ကသိုလ်တွေ၊ ကောလိပ်တွေ ဖြစ်သွားမှာပေါ့” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

မြေဧက ၅၀ နီးပါးရှိမည့် ဟားခါးတက္ကသိုလ် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးကော်မတီ နာယကဖြစ်သူ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်နှင့် ကော်မတီတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်တွင် သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသေးသည်။ ထို့ပြင် ဟားခါး ပညာရေးကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်းတို့အတွက် မြေနေရာလျာထားမှု အခြေအနေများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးရာ ပညာရေးကောလိပ်အတွက် ဖလမ်းမြို့အထွက် ကားလမ်းဘေးရှိ မြေဧက ၅၀ ခန့်တွင် တည်ဆောက်သွားရန် စီစဉ်ထားသည်။

“မြေနေရာ ရွေးချယ်ထားတာ လောလောဆယ် မြေဧက ၅၀ ပေါ့။ ဖလမ်းအထွက် ကားလမ်းနံဘေး အောက်ဘက်ပေါ့။ မြို့အ၀င်ဘက်ပေါ့။ ဖလမ်းဘက်က မြို့အ၀င်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ဧက ၅၀၊ ၄၉ ဒသမ ၉ ဧကပေါ့နော်။ ဆိုတော့ ဧက ၅၀ ကျယ်တဲ့မြေကွက်ကို ကျွန်တော်တို့ ယူထားတယ်။ တက္ကသိုလ်က သပ်သပ်။ တက္ကသိုလ်ကလည်း ဧက ၅၀ လောက် ရှိမယ်။ နောက် ပညာရေးကောလိပ်ကလည်း ဧက ၅၀ လောက် ရှိမယ်။ ပြီးတော့မှ သူနာပြု သားဖွားသင်တန်းကျောင်းပေါ့။ အဲဒါလည်း ပညာရေးကောလိပ်နဲ့ ကပ်လျက်ပဲ။ ဖလမ်းအထွက်ဘက်ပေါ့။ ဆိုတော့ အထူးသဖြင့် ကျွန်တော်တို့က ဒီတက္ကသိုလ်တွေ၊ ဟားခါးတက္ကသိုလ်ရယ်၊ နောက်ပြီးတော့ သူနာပြုသင်တန်းကျောင်းရယ်၊ နောက်ပြီးတော့ ပညာရေးကောလိပ်ရယ်၊ ဒါတွေကို ကျွန်တော်တို့က ပညာရေး အကယ်ဒမီစင်တာအနေနဲ့ ဒီလိုတွဲပြီးတော့ ထားမယ်ပေါ့လေ” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းကလည်း ချင်းပြည်နယ် ဟားခါးမြို့တွင် ရည်ရွယ်ချက်ငါးရပ်ဖြင့် ကိုယ်ထူကိုယ်ထ တက္ကသိုလ် တရားဝင်ဖွင့်လှစ်ခွင့်ရလိုကြောင်း ဟားခါးမြို့ မြို့မိမြို့ဖကော်မတီက သမ္မတဦးသိန်းစိန်ထံ တရားဝင်တင်ပြလျှောက်ထားမှုများ ရှိခဲ့ဖူးသည်။

အဆိုပါ ရည်ရွယ်ချက်ငါးရပ်မှာ (၁) ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော လူသားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးလာရန် (၂) ချင်းလူငယ်များ အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် အခွင့်အလမ်းဖန်တီးပေးရန် (၃) ဆင်းရဲသားမိသားစုများမှ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာအား စရိတ်သက်သာစွာဖြင့် သင်ယူလေ့လာနိုင်ရန် (၄) ချင်းလူငယ်များ ဘက်စုံပညာတတ်မြောက်ခြင်းဖြင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုလာစေရန် (၅) လူတိုင်းပညာတက်မြောက်မှုနှုန်း မြင့်မားလာပြီး မိသားစုအားလုံး၏ လူနေမှုဘ၀ တိုးတက်မြင့်မားလာစေရန် ဟူ၍ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: