ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်မြို့၊ အမေရိကန်သံရုံးဝင်းအတွင် ဇူလိုင်လ ၂၄ ရက် ညပိုင်းက လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ရာတွင် သံရုံး ပတ်ဝန်းကျင်အနီးရှိ စီးပွားရေးလုပ်ငန်းများနှင့် လမ်းသွားလမ်းလာများ ကသိကအောက်ဖြစ်ကာ အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်အပ်ပါကြောင်း ဇူလိုင်လ ၂၅ ရက်တွင် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
လူမှုကွန်ရက် Facebook မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် အဆိုပါ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိခဲ့ပါကြောင်းနှင့် သံရုံးနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဖြစ်ပွားခဲ့ရခြင်းအတွက် သံရုံးအနီး နေထိုင်သူများနှင့် အခင်းဖြစ်ပွားရာ နေရာအတွင်း ရောက်ရှိခဲ့သူများအားလုံး တောင်းပန်ကြောင်းလည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုဖြစ်စဉ်တွင် မျက်ရည်ယိုဗုံး စမ်းသပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုလုပ်ဆောင်ခဲ့သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: