ဟိုတယ်ဆောက်လုပ်မည့် မြေနေရာအား ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာနေကြစဉ်
Photo by Salai Isaac Khen's Facebook
ဟားခါး၊ ဇူလိုင် ၃၀

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သည့် ဟိုတယ်နှစ်လုံားအား လာမည့်ပွင့်လင်းရာသီတွင် ဆောက်လုပ်နိုင်ရေးအတွက် ကုမ္ပဏီ လေးခုမှ အဆိုပြုထားပြီဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဇူလိုင်လ ၂၉ ရက်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် ဟိုတယ်ဆောက်လုပ်ရန်အတွက် မြေနေရာများကို မြို့မိမြို့ဖများနှင့်အတူ ပြည်နယ်အစိုးရတာဝန်ရှိသူများ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီးဖြစ်ကာ အဆိုပြုထားသည့် ကုမ္ပဏီများမှာ ဒေသအခြေစိုက် ချင်းတိုင်းရင်းသားများ လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီလုပ်ငန်းများ ဖြစ်သည်။

“ဟိုတယ်ကတော့ ဟားခါးမှာ မရှိမဖြစ် လိုအပ်တယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် ပြည်နယ်မြို့တော်ဖြစ်ပြီး ဟိုတယ်မရှိဘူး။ နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုတဲ့ကိစ္စ၊ Tourism Promotion လုပ်မယ့်ကိစ္စမှာ အခက်အခဲရှိတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီနှစ်ထဲမှာ ဟိုတယ်နှစ်လုံး ဆောက်ဖို့ လျာထားတယ်။ ဘာလို့ နှစ်လုံးလို့ ပြောသလဲဆိုတော့ ကျွန်တော်တို့က ခရီးသည်အခြေအနေ၊ တည်းခိုမယ့်အနေအထားတွေကို ကြည့်ပြီးတော့မှ နှစ်လုံးလို့ ကျွန်တော်တို့ ပြောတာပေါ့။ အဲဒီ ခရီးသည်တည်းခိုတဲ့ကိစ္စတွေ များပြားလာပြီဆိုရင်တော့ နောင်မှာ ဆက်ဆောက်ပေါ့လေ။ အဲဒီသဘောမျိုး ဖြစ်ပါတယ်။ တကယ်လို့ ခရီးသည်တွေက အရမ်း လာတည်းခိုမယ့်ကိစ္စ မရှိဘူးဆိုရင်လည်း အရှုံးပေးနိုင်တယ်ပေါ့။ အဲဒီလိုမျိုး မဖြစ်အောင်ပေါ့။ ဆိုတော့ ဒီဟာကတော့ Proposal ပေါ့နော်။ လောလောဆယ် ဆောက်လုပ်မယ့် Developer လေးဖွဲ့လောက်ကတော့ Proposal လာတင်တာရှိတယ်။ ဆိုတော့ အဲဒီထဲကနေပြီးတော့ ကျွန်တော်တို့ တကယ် စိတ်တိုင်းကျတဲ့ ကုမ္ပဏီ၊ Developer၊ ဒီဇိုင်းတွေ ကြည့်ပြီးတော့ အနည်းဆုံး နှစ်ခုတော့ ရွေးချယ်ဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က အနည်းဆုံး နှစ်ခုဆိုတာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် အဆိုတင်သွင်းထားသည့် ကုမ္ပဏီများ၏ အမည်များကို ထုတ်ဖော်ပြောကြားဦးမည် မဟုတ်ဘဲ အဆိုပြုထားသည့် အချက်အလက်များနှင့် ပတ်သက်၍ စိစစ်ရွေးချယ်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စိစစ်ရွေးချယ်ခံရသည့် ကုမ္ပဏ်ီများကို ယာယီသတ်မှတ်ပြီးပါက ပြည်နယ်အစိုးရသို့ တင်ပြသွားမည်ဖြစ်ကာ ပြည်နယ်အစိုးရ အတည်ပြုချက် ရရှိပြီးပါက လုပ်ပိုင်ခွင့်ရကုမ္ပဏီများကို ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ဟိုတယ်ဆောက်လုပ်မည့် မြေနေရာအား ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းလေ့လာနေကြစဉ်
Photo by Salai Isaac Khen's Facebook
“Developer တွေကတော့ သူတို့ကို ရွေးလိုက်ပြီဆိုတဲ့အခါကျရင်တော့ ကျွန်တော်တို့ အစိုးရဘက်ကနေပြီးတော့ အတည်ပြုလိုက်ပြီ၊ သူတို့ Award ရသွားပြီဆိုရင်တော့ သူတို့ကို ထုတ်ပြန်ပေးမှာပေါ့။ ဘယ်အဖွဲ့ရတယ်ဆိုတာပေါ့နော်။ လောလောဆယ်ကတော့ ကျွန်တော်တို့က Developer တွေရဲ့ Proposal တွေ ကြည့်နေတယ်၊ စိစစ်နေတယ်။ သူတို့ လိုချင်တဲ့ဟာ၊ ကျွန်တော်တို့ ပေးနိုင်တဲ့ဟာ၊ ဒါတွေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးနေတယ်။ ဒါပြီးရင် အစိုးရကက်ဘိနက်ကို ကျွန်တော်တို့ တင်မယ်၊ တင်ပြီးတော့ ကက်ဘိနက်က Approve လုပ်ပြီ၊ ဒီ Developer ကိုတော့ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ် မထုတ်ပြန်ပေးသေးတာကတော့ Internal Process ပေါ့” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

ချင်းပြည်နယ်အနေဖြင့် မီးခိုးတိတ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် သဘာဝခရီးသွားလုပ်ငန်း လုပ်ကိုင်ရန်အတွက် သဘာဝရေခံမြေခံကောင်းများ ရှိနေသည့် ဒေသတစ်ရပ်လည်း ဖြစ်ကာ ရေရှည်တွင် ပြည်နယ်အစိုးရ၀င်ငွေ ရှာဖွေပေးနိုင်မည့် ၀န်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် ချင်းပြည်နယ်အစိုးရက မျှော်မှန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: