Photo from Kyaw Soe Oo's facebook

သူ့နာမည်က ကျော်စိုးဦး။ ရခိုင်ပြည်နယ် အခြေစိုက် သတင်းထောက်တစ်ဦး။ Development Media Group က သတင်းထောက်။ သူ့ကို အခု လူသိများတဲ့နာမည်က မိုးအောင် (ရိုက်တာသတင်းထောက်)။

သူ့ကို သိခဲ့တာက စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးအတွက် လုပ်နေတဲ့ ရန်ကုန်အခြေစိုက် NGO တစ်ခုကနေ ပေးတဲ့ သင်တန်းတစ်ခုမှာ။ သူက သင်တန်းသား၊ ကျွန်တော်က သင်တန်းဆရာ။ သင်တန်းမှာ အဓိက သင်တာက စီးပွားရေးကဏ္ဍ။ သင်တန်းမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးတတ်သလို လူထု သိသင့်တဲ့ သတင်းတွေကို အတတ်နိုင်ဆုံး ရှာဖွေဖော်ထုတ် တင်ပြနေသူ။ အဲဒီကာလက သင်တန်းဆရာနဲ့ သင်တန်းသားအဖြစ်။

နောက်တော့ စစ်တွေအပါအ၀င် ရခိုင်ပြည်နယ်က သတင်းသမားတွေအတွက် Mentoring လုပ်ပေးဖို့ အလုပ်ကနေ အခွင့်ကြုံလာတော့ သူ့ကို စစ်တွေမြို့မှာ ပြန်တွေ့ရပြန်တယ်။ Mentoring မလုပ်ခင် ရခိုင်ပြည်နယ်က လူထုတွေအတွက် ရေးကို ရေးသင့်တဲ့ သတင်းတွေကို ရေးချင်တဲ့အကြောင်းနဲ့ သူ ရေးဖို့ ရွေးချယ်ထားတဲ့ သတင်းအကြောင်းအရာတွေကို ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒီအထိတော့ သူ့ကို တက်ကြွတဲ့ သတင်းထောက်အဖြစ်ပဲ မိမိဘာသာ သတ်မှတ်ခဲ့မိတယ်။

အဲဒီနောက်တော့ စစ်တွေမြို့ပေါ်က လူမျိုးရေးပဋိပက္ခ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ၊ အနေအထားတွေကို မြို့ပတ်ပြီး လိုက်ပြတဲ့အချိန်မှာတော့ စကားတွေ ပြောနေရင်းက သူ့အကြောင်းကို ကောင်းကောင်း သဘောပေါက်လာတော့တယ်။ ကိုကျော်စိုးဦးဟာ သတင်းထောက် တစ်ယောက်ပီပီ သူ့ပတ်ဝန်းကျင်၊ သူ့ဒေသက အခြေအနေတွေ၊ လူထုရဲ့ အခြေအနေတွေကို ကောင်းကောင်း နားလည်သူ တစ်ယောက်ဆိုတာ သိမြင်လာရတယ်။

စစ်တွေမြို့ပေါ်က နေ့ခင်းကြောင်တောင် အရက်မူးနေတဲ့ လူငယ်တွေကို နှမြောကြောင်း၊ လူမျိုးရေး ပဋိပက္ခကြောင့် ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေကို ထိခိုက်ရုံမက လူမှုဘ၀တွေကိုပါ ထိခိုက်နေကြောင်းကို စစ်တွေမြို့ထဲ လှည့်လည်ပြရင်း သူ ဇယ်ဆက်သလို ပြောပြလာခဲ့ပါတယ်။

သတင်းသမားပီပီ လူမျိုးရေးပဋိပက္ခမဖြစ်အောင် နေထိုင်မှု ကန့်သတ်ထားတဲ့ နယ်မြေတွေကို လိုက်ပြတဲ့အပြင် မှတ်မှတ်ရရ စစ်တွေတက္ကသိုလ်ရှေ့ကို ရောက်တော့ သူ ပြောခဲ့တဲ့စကားက ကျွန်တော့်အတွက် အခုအချိန်အထိ အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။
၁၀ တန်းအထိ ကျောင်းတက်လာပြီး တက္ကသိုလ် တက်ရမယ့်အချိန်ကျတော့မှ လုံခြုံရေးကို ထည့်တွက်လို့ တက္ကသိုလ် တက်ခွင့်မရတဲ့သူတွေကြားမှာ အမုန်းတရားက ပိုကြီးလာတော့တာပေါ့...
ဒီကျောင်းမှာ ဒေသခံ တိုင်းရင်းသားတွေအပြင် ဘာသာခြား တိုင်းရင်းသားတွေကော ရှိသလားဆိုတော့ သူက မရှိသလောက်ကို နည်းပါတယ်တဲ့။ ဘာသာခြားတွေ တက်ခွင့်ရှိပေမယ့်လည်း လုံခြုံရေးကို အကြောင်းပြုလို့ တက်ခွင့်မရတဲ့သူတွေလည်း တခြား ဘာသာခြားတွေကြားထဲမှာ ရှိပါတယ်တဲ့။ ဒီအထိ စိတ်ရှည်လက်ရှည် ရှင်းပြပြီးနောက် သူ နောက်ဆုံး ပြောလိုက်တဲ့ စကားက ကျွန်တော့်အတွက် အခုအချိန်အထိ စိတ်ထဲ စွဲကျန်ခဲ့ပါတယ်။ အဲဒါက “၁၀ တန်းအထိ ကျောင်းတက်လာပြီး တက္ကသိုလ် တက်ရမယ့်အချိန်ကျတော့မှ လုံခြုံရေးကို ထည့်တွက်လို့ တက္ကသိုလ် တက်ခွင့်မရတဲ့သူတွေကြားမှာ အမုန်းတရားက ပိုကြီးလာတော့တာပေါ့။ ဒါကြောင့်လည်း ဒီကနေ တခြားပြည်နယ်၊ တိုင်းတွေကို ကူးကြတဲ့ သူတွေ ရှိလာတာပေါ့” တဲ့။

ရခိုင်တိုင်းရင်းသား သတင်းသမား တစ်ဦးဆီကနေ ဒီလို စကားကြားရတာဟာ အံ့သြမိတာ အမှန်ပါပဲ။

လတ်တလော ဖြစ်ပျက်နေတဲ့ ပြဿနာတွေကိုတင်မက နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အရင်းခံ အကြောင်းရင်းတွေထဲက ပညာရေးနဲ့ ပတ်သက်တာကိုပါ ထည့်တွက်ပြီး ပြောပြလိမ့်မယ်လို့ တွက်ဆမထားမိခင် ဒီစကားကို ကြားတဲ့အတွက် သူဟာ သူ့ဒေသက ဖြစ်ပျက်နေတာတွေကို သတင်းထောက်ပီပီ ခွဲခြားမြင်တက်ပါလားဆိုတာကို နားလည်ခဲ့မိတယ်။

ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ကိုကျော်စိုးဦးဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ကြီးပြင်းခဲ့သူ တစ်ဦး ဖြစ်ပြီး သတင်းထောက် အလုပ်ကို Rakhine Development News နှင့် Root investigative Agency တို့မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဒေသတွင်း လူမျိုးရေးပဋိပက္ခတွေ၊ တင်းမာမှုတွေအကြား ကြားမညှပ်အောင်နေရင်းကပင်လျှင် အဲဒီအဖြစ် အပျက်တွေက သူ့ကို သတင်းစာဆရာတစ်ယောက်အဖြစ် ဖြစ်တည်စေခဲ့တာပါ။ 
Photo : Reuters
ဒေသတွင်းက စီးပွားရေးကိစ္စကိုသာ နားလည်သိမြင်ထားရုံမက ပဋိပက္ခဖြစ်ရတဲ့ လူမှုရေးပြဿနာတွေကိုပါ သိမြင်ထားသူပါ။ ဒါကြောင့်မို့လည်း ဒေသတွင်း အဖြစ်အပျက်တွေကို သတင်းအဖြစ်၊ ဆောင်းပါးအဖြစ် ကျစ်ကျစ်လစ်လစ် ရေးသားဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ရန်ကုန် သတင်းစာပညာသင်ကျောင်းက ပေးအပ်တဲ့ သတင်းဆောင်းပါးဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။

ဒါပေမဲ့လည်း အစိုးရက လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံရတဲ့အချိန် သူ့ကို စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီ ရာဇ၀တ်သားလိုပုံစံမျိုးနဲ့ အစိုးရပိုင် သတင်းစာတွေက ဖော်ပြခဲ့ကြတယ်။

သူနဲ့ ပတ်သက်လို့ ခင်မင်သူတွေ၊ လုပ်ဖော်ကိုင်ဘက်တွေက နှမြောတသကြသလို သူ့ဘ၀၊ သူ့ဒဿနနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ကဗျာတွေ ရေးကြသူလည်း ရှိပါတယ်။

ကိုထွီး (ခ) Tin O Htwee ဆိုသူ ရေးထားတဲ့ ကဗျာဆိုရင် ခေါင်းစဉ်က ကျော်စိုးဦး။

မင်းဟာ ကဗျာဆရာ

မင်းဟာ ကဗျာ။

မင်းဟာ စာရေးဆရာ

မင်းဟာ စာပေအနုပညာ။

မင်းသွေးထဲမှာ စီးဆင်းနေတာ စာပေ၊ အနုပညာရဲ့ အမြတ်ဆုံး သစ္စာတရား...

သိစိတ်ရော မသိစိတ်ပါ မုဒိန်းကျင့်ခံထားရတဲ့ ဒေသန္တရ ပညတ်တွေ နာနိုအက်တမ်လောက်တောင်မပါဘူး။

ဥာဏ်ကွန့်မြူးခြင်းကို သင်းကွပ်ထားကြတဲ့ လက်တွေကြားက မင်းလူလားမြောက်ခဲ့တာ ငါအံ့သြတယ်။

မင်းဟာ နယ်သာလန်မှာ၊ သြစတြီးယားမှာ၊ ရုရှားမှာ မွေးခဲ့ရမယ်လို့ ငါ သိမ်ငယ်သိမ်ဖျင်းတွေးခဲ့ဖူးတယ်။

မင်းဟဒီကမ္ဘ္ဘာကြီးရဲ့ ကမ်းမြောင်ငယ်တစ်ခုက ကြောက်စရာကောင်းတဲ့ ပန်းတစ်ပွင့်ဆိုတာ...

ဒေ၀ံဒြာနတ်နဲ့ ဆာရဒဒေဝီတို့ရဲ့ သား..ရာဘီ ရယ်၊ မင်းရွာနားက ဆြာထွန်းရယ်၊ ဗီသိုဘင်ရယ်၊ မင်းချစ်တဲ့ ကိုဘင်းရယ်က တထစ်ချ ယုံကြတယ်။

မင်းဟာ သွေးလေမမှန်တဲ့ ကုလားတန်လွင်ပြင်မှာမှ...

ဖူး ငုံ ပွင့် အာ လာတဲ့ လာဗင်ဒါ တစ်ခက်..

မင်းဟာ ကျော်စိုးဦး…

သူ့အတွက် စာနယ်ဇင်းအဖွဲ့အစည်းတွေတင်မက အမေရိကန် သံရုံးကတောင် တောင်းဆိုမှု၊ ဆန္ဒဖော်ထုတ်မှုတွေ လုပ်နေပေမယ့်လည်း သူကတော့ အခုအချိန်အထိ သံတိုင်တွေရဲ့ နောက်ကွယ်မှာပဲ ရှိပါသေးတယ်။

သတင်းတွေလည်း ရေးသလို ကဗျာတွေကိုလည်း ချစ်တဲ့ ကိုကျော်စိုးဦးကတော့ သူ့ရဲ့ ကဗျာတွေကို အခုတော့ မသီကုံးနိုင်သေးပါဘူး။ သူယုံကြည်တဲ့ လုပ်ငန်းအတွက် အခုအချိန်အထိ သူ တိုက်ပွဲ ၀င်နေရတုန်းပါပဲ။

ညနေတွေထဲက ညနေ

“ညနေတွေထဲမှာ တစ်ချိန်က ကိုယ်တစ်ယောက်တည်း မြို့ရဲ့ မြစ်ကြီး ကို ငေးမောကြည့်ခဲ့ဖူးတယ်။ ကြက်သွေးရောင် ကိုးရီယားဒီဇိုင်း စက်ဘီး လေးကို စီးရင်း ပေါ့။ တစ်ဘက်က တောင်တန်းတွေကို ကြည့်ရင်း အတွေးတသီကြီးထဲမှာ မရေးဖြစ်သေးတဲ့ စာကြောင်းတွေ၊ မလေ့လာ ဖြစ်သေးတဲ့ ပညာရပ်အကြောင်းတွေ တွေးရင်း အလေ့အကျင့် မဖြစ်သေးတဲ့ လေ့လာမှုတွေအတွက် စိတ်ကူးဆန်နေခဲ့ဖူးတယ်။

ညနေတွေထဲမှာ ဖြစ်မလာသေးတဲ့ ညနေတွေ အကြောင်းကို တွေးရင်း ညနေ အိမ်ပြန်ချိန်တွေ၊ ညနေအားလပ်ချိန်တွေ တန်ဖိုးထားတတ်လာပြီ လူတွေဟာ ပြောင်းလဲခြင်းရဲ့  သင်္ကေတကိုများ ကိုယ်စားပြုသလား မသိ။
နေထိုင်မှုပုံစံတွေကညနေတွေထဲမှာအမြဲပြောင်းတယ်”

၂၃.၁၁.၂၀၁၇ က သူ့ရဲ့ ဖေ့ဘုတ်ပေါ်မှာ ရေးခဲ့တဲ့ ကဗျာလေးကို အမှတ်တရ ပြန်လည် ဖော်ပြလိုက်တာပါ။

ထွဏ်းမောင်
Share To:

Aung Maw

Post A Comment: