တစ်ရက်ကို ၄၆၈ သန်း၊ ကျပ်သန်း ၁၅၀၀ ကျော်ဆိုတော့ လေးရက်စာနီးပါး


ရန်ကုန်၊ ဇန်န၀ါရီ ၂၆

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် သုံးမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ မီဒီယာတွေက မေးလို့ ဖြေကြားလိုက်တာပါ။

ဒီရုပ်ရှင်အတွက် ကျပ်သန်း ၃၀၀၀ (သုံးဘီလျံ) ကုန်ကျမယ်လို့ မှန်းထားပေမယ့် နိုင်ငံတော်အတိုင်ပင်ခံက ချွေချွေတာတာ လုပ်ဖို့ ညွှန်ကြားလိုက်တဲ့အတွက် ကျပ် သန်း ၁၅၀၀ ကျော်ပဲ သုံးဖို့ ဖြစ်လာတာပါ။ လတ်တလောမှာ ရုပ်ရှင်ရိုက်ဖို့အတွက် အလှူငွေက ကျပ်သိန်းပေါင်း ၈၄၀၀ ရရှိထားပြီး ထပ်လှူလာကြမယ့် ကျပ်သိန်းပေါင်း ၇၀၀၀ ကိုပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ အပြီးရိုက်ကူးမယ်လို့ ဆိုပါတယ်။

ရိုက်ကူးရေးအတွက် သုံးမယ့် ဒီငွေပမာဏဟာ အလှူငွေတွေဖြစ်ပေမယ့် ဒီကုန်ကျစရိတ်ဟာ မြန်မာပြည်က ဖွံ့ဖြိုးမှုနည်းတဲ့ ကယားပြည်နယ်ရဲ့ စုစုပေါင်းထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး လေးရက်စာခန့် ရှိတယ်လို့ ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။ ဒီလေးရက်စာခန့်ဆိုတာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ပါ ကိန်းဂဏန်းတွေအရ တွက်ချက်ထားတာပါ။

လတ်တလော လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ခြောက်လစာ အမျိုးသားစီမံကိန်းဥပဒေအရ ကယားပြည်နယ်အတွက် ခြောက်လစာ စုစုပေါင်း ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး GDP ရည်မှန်းချက်ဟာ ကျပ်သန်းပေါင်း ၈၄၃၀၅ ဒသမ ၂ ထိ ရှိမယ်လို့ ရည်မှန်းထားပါတယ်။

စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များ ဖြစ်သည်။

ဒီအတွက် တစ်လအနေနဲ့ ပြန်လည်တွက်ချက်မယ်ဆိုရင် ကျပ်သန်းပေါင်း ၁၄၀၅၁ နီးပါး ရှိပြီး ရက်သုံးဆယ်နဲ့ တွက်မယ်ဆိုရင် တစ်ရက်ကို ကျပ်သန်းပေါင်း ၄၆၈ သန်းကျော် ရှိပါတယ်။ ဒီအတွက် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ကုန်ကျစရိတ်ဟာ ပြည်နယ်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး GDP ရဲ့ ၄ ရက်စာနီးပါး ရှိပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်လို့ ကျပ် သန်း ၃၀၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပေမယ့်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တစ်ဖြစ်လဲ နိုင်ငံတော်အတိုင်ပင်ခံက တိုင်းပြည်မှာ စီးပွားရေးမဖွံ့ဖြိုးသေးတာ၊ ပြည်သူတွေ စီးပွားရေးကျပ်တည်းနေတာကြောင့် တတ်နိုင်သမျှ ချွေချွေတာတာ သုံးဖို့ ညွှန်ကြားထားလို့သာ မူလခန့်မှန်း ကုန်ကျစရိတ်ရဲ့ ထက်ဝက်ဖြစ်တဲ့ ကျပ်သန်း ၁၅၀၀ ကျော်သာ သုံးစွဲသွားမှာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးက ဆိုထားပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: