ဖျက်သိမ်းလိုက်သည့် ကြံ့ခိုင်ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးစိုးသာနှင့် လက်ရှိ အာဏရ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်တို့ကို လွှတ်တော်အတွင်း တွေ့မြင်ရစဉ်

ရန်ကုန်၊ ဇန်န၀ါရီ ၇

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်ကော်မတီအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြည်တွင်းအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် 7 Day သတင်းမီဒီယာသို့ ဖြေကြားလိုက်သည်။

အဆိုပါ ဦးဆောင်ကော်မတီကို ပါတီနာယကတစ်ဖြစ်လဲ ဗဟိုဦးဆောင်ကော်မတီတွင် ပါဝင်သူ သမ္မတဟောင်း ဦးသိန်းစိန်၏ လမ်းညွှန်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပါတီအစည်းအဝေးတွင် မှတ်တမ်းတင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကာ ယင်းကော်မတီတွင် ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရ ဦးအေးမြင့်၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့်၊ သူရဦးမြင့်အောင်တို့ ပါဝင်သည်။

၂၀၁၆ ခုနှစ်တွင် နေပြည်တော်တွင် ပြုလုပ်သည့် ပါတီ၏ ဒုတိယအကြိမ် ညီလာခံတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးသန်းဋ္ဌေးအား ရွေးချယ်ခဲ့ပြီးနောက် ပါတီဥက္ကဋ္ဌဟောင်းနှင့် သမ္မတဖြစ်သူ ဦးသိန်းစိန်က ပါတီ၏ ဗဟို ဦးဆောင်ကော်မတီ နာယကအဖြစ် ပါတီအား ဆက်လက်ဦးဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်၍ ပါတီကို မူမပြောင်းဘဲ လူပြောင်းရန် စဉ်းစားခဲ့ရာမှ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပါတီအား ကျစ်လစ်ခိုင်မာအောင် တည်ဆောက်၍ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းပါတီညီလာခံတွင် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီ (ရဲချုပ်ဟောင်း)က ပြောဆိုခဲ့ဖူးသည်။ ယင်းညီလာခံအပြီး ပါတီ၏ တိုင်းနှင့် ပြည်နယ် ဥက္ကဋ္ဌများကိုလည်း မျက်နှာသစ်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဖျက်သိမ်းလိုက်သည့် ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်များမှာ ပါတီဝင်အဖြစ် ဆက်လက်ရှိနေကြဦးမည်ဖြစ်ကာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များမှာ အားရကျေနပ်ဖွယ်ကောင်းကာ စည်းလုံးညီညွတ်စွာဖြင့် ပါတီလုပ်ငန်းစဉ်များကို အောင်မြင်စေရန် ဦးဆောင်နိုင်သည့် အခြေအနေကို တွေ့ရှိရသဖြင့် ပါတီဦးဆောင်ကော်မတီကို ဖျက်သိမ်းရန် ပါတီဥက္ကဋ္ဌဟောင်းတစ်ဖြစ်လဲ ဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်က လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုထားသည်။ ထို့ပြင် ဖျက်သိမ်းလိုက်သည့် ဦးဆောင်ကော်မတီဝင် အဖွဲ့များသည် ပါတီအတွက် လိုအပ်သည့် အကြံဥာဏ်များကိုလည်း ဆက်လက်ပေးသွားကြမည် ဖြစ်သည်။

လက်ရှိ ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ပါတီ၏ ဆောင်ရွက်ချက်နှင့် လုပ်ငန်းစဉ်များကို ခြောက်လလျှင် တစ်ကြိမ် ဗဟိုဦးဆောင်ကော်မတီအဖွဲ့သို့ ရှင်းလင်းတင်ပြရကာ ဒီဇင်ဘာလအတွင်း ပြီးစီးခဲ့သည့် အစည်းအဝေးအပြီးတွင် ယင်းသို့ လမ်းညွှန်ချက် ပေးခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဋ္ဌေးက ပါတီဥက္ကဋ္ဌ ရွေးချယ်ခံရပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ပါတီကို ဦးဆောင်ခဲ့သူများနှင့် ပတ်သက်၍ "စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက်သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေးတွင် ရေသားခဲ့ဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: