ချင်းပြည်နယ်၊ မင်းတပ်မြို့

ရန်ကုန်၊ ဇန်န၀ါရီလ ၃

ချင်းပြည်နယ် အစိုးရအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်အတွင်း မိမိဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် သောက်သုံးရေ ရရှိရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ် (ဦး)ဆလိုင်းလျန်လွယ်၏ အဆိုပါ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် “၂၀၁၈ ခုနှစ်အတွင်း ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် သောက်သုံးရေ စသည့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆက်လက်ဦးစားပေးရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အလို့ငှာ မြို့ပြများ ခေတ်မီဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပါအ၀င် အခြားကဏ္ဍများတွင်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ စာပေနှင့် ယဉ်ကျေးမှုအပါအ၀င် ရှားပါးဓလေ့အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးနှင့် ဒေသတွင်း အတူနေထိုင်သူများ အချင်းချင်း အပြန်အလှန်လေးစား ယုံကြည်မှုနှင့် သဟဇာတဖြစ်ရေးတို့ကိုလည်း ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားသည်။

၂၀၁၈ ခုနှစ်အတွက် ပြည်နယ်အစိုးက အထူးအာရုံစိုက် လုပ်ဆောင်မည့်ကိစ္စအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ဖြစ်ထွန်းကာ လူငယ်များအတွက် နေပျော်ဖွယ်ကောင်းသော ပြည်နယ်ဖြစ်လာရေးအတွက် လုပ်ဆောင်မည့် ကိစ္စရပ် ဖြစ်သည်။

ချင်းပြည်နယ်၏ စာတတ်မြောက်နှုန်းမှာ ၇၉.၄ ရာခိုင်နှုန်းရှိပြီး မြန်မာတစ်နိုင်ငံလုံး၏ စာဖတ်မြောက်နှုန်းမှာမူ ၈၉.၅ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအချက်အလက်များတွင် ဖော်ပြထားသည်။ ထို့ပြင် လူဦးရေအချိုးအစားအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အရွယ် သက်လက်ပိုင်းမှာ ပြည်နယ်စုစုပေါင်း လူဦးရေ၏ ၅၅.၂ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်အောက်မှာ ၄၀ ရာခိုင်နှုန်းရှိသည်။

ချင်းပြည်နယ်အတွင်း လူမျိုးစုကွဲများစွာရှိကာ မြို့နယ်နှင့် မျိုးနွယ်စုများအကြား မျှတသော ဖွံ့ဖြိုးမှုနှင့် ဘက်မျှသော ပါဝင်မှု ခိုင်မာရေး၊ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ခိုင်မာရေးနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်အဆင့် လွတ်မြောက်ရေးကိုလည်း ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် (ဦး) ဆလိုင်းလျန်လွယ်၏ ၂၀၁၈ ခုနှစ်အတွက် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: