ရန်ကုန်၊ ဇန်န၀ါရီ ၁၆

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ နာယကဖြစ်သူ ဦးဟန်ဇော်အား ဆောက်လုပ်ရေးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဇန်န၀ါရီလ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းလိုက်သည်။

မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဟန်ဇော်မှာ ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

ထို့ပြင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးချုပ်ကို တာဝန်ယူ တည်ဆောက်ပေးခဲ့သူလည်း ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်များ၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားချက်များအရ သိရသည်။

ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှစ်ခုစလုံးကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တာဝန်ယူခဲ့ခြင်းဖြစ်ကာ ဇန်န၀ါရီလ ၁၅ ရက်တွင် ၀န်ကြီးက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းကို ပြောင်းလဲတာဝန်ယူရတော့မည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: