ရန်ကုန်၊ ဇန်န၀ါရီ ၁၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်ဝါရီလ ၁၈ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းသို့ တာဝန်မှ ရပ်စဲခြင်းမှာ အခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂) တို့အရဖြစ်ပြီး ယင်းပုဒ်မများမှာ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်ခြင်း” ခေါင်းစဉ်အောက်တွင် ပါရှိပြီး ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂) တွင် “နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအား ရာထူးမှ ရပ်စဲရမည်” ဟု ပါရှိသည်။

ဥပဒေအရ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည့်အတွက်ဟုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စွပ်စွဲချက်မှန်ကန်သည့်အတွက် ရာထူးမှ ရပ်စဲလိုက်ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ တာဝန်မှ ရပ်စဲခံရခြင်းမှာ ဇန်န၀ါရီလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်ပွားပြီးချိန်နှင့် တိုက်ဆိုင်လျက်ရှိပြီး ယင်းပဋိပက္ခတွင် အစိုးရဘက်မှ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြနေသူ ခုနစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကိုလည်း ၁၈ ရက်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။

ဒေါက်တာအေးမောင်မှာ ဇန်န၀ါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ် တောင်ရင်းတိုင်ရပ်ကွက်၊ စေတီယင်္ဂယကျောင်းတိုက် ဓမ္မာရုံတွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ပြောဆိုခဲ့မှုများနှင့် ဆက်စပ်၍ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့ တရားစွဲဆိုရန် ဇန်န၀ါရီလ ၁၆ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ် အစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အမှုဖွင့်အရေးယူကာ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ရသေ့တောင် စာပေဟောပြောပွဲတွင် ဟောပြောသူ စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းကိုလည်း ယင်းပုဒ်မဖြင့်ပင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: