ရန်ကုန်၊ ဇန်န၀ါရီ ၁၁

နိုင်ငံတွင်း အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ - SMEs ဖွံ့ဖြိုးရေးအတွက် ချေးငွေများ ထုတ်ချေးပေးနေရာတွင် ချေးငွေရယူသူများထဲတွင် ချင်း၊ ကယားနှင့် နေပြည်တော်ကောင်စီမှ စီးပွားရေးလုပ်ငန်းရှင်များ မပါဝင်ကြောင်း ဇန်န၀ါရီလ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံ၏ ၉၉ ရာခိုင်နှုန်း ရှိသည့် SME ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ - JICA မှ ရယူထားသည့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ - ODA ကို အသုံးပြု၍ ပထမအဆင့် အနေဖြင့် ချေးငွေစုစုပေါင်း ကျပ်သန်း ၆၁၁၄၆ ဒသမ ၉၈ သန်းကို ပုဂ္ဂလိကဘဏ် ခြောက်ခုမှတစ်ဆင့် ထုတ်ချေးခဲ့ရာတွင်  ယင်းဒေသသုံးခုမှ လုပ်ငန်းရှင်များ မပါဝင်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိကဘဏ်ခြောက်ခုဖြစ်သည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နှင့် သမ၀ါယမဘဏ်တို့မှ ယင်းငွေပမာဏကို လုပ်ငန်းရှင်ပေါင်း ၂၉၂ အတွက် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့်တွင် ထုတ်ချေးသူ အများဆုံးဒေသမှာ ရန်ကုန်တိုင်းဖြစ်ပြီး လုပ်ငန်းရှင် ၁၁၃ ဦးမှ ကျပ်သန်း သုံးသောင်းနီးပါးရှိပြီး အနည်းဆုံးမှာ ကရင်ပြည်နယ်မှ လုပ်ငန်းရှင်တစ်ဦးမှ ချေးယူထားသည့် ကျပ်သန်း ၃၀ ကျော် ဖြစ်သည်။

ယင်းချေးငွေကို ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် ချေးပေးနေခြင်းဖြစ်ကာ အများဆုံး ချေးယူခဲ့သည့် ကဏ္ဍမှ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆေင်မှုလုပ်ငန်းများမှ ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ဖော်ပြထားသော ကိန်းဂဏန်းများအရ သိရသည်။

စီမံကိန်း၏ ဒုတိယအဆင့်အတွက် JICA မှ ချေးငွေ ဂျပန်ယန်း ၁၄၉၄၉ သန်း ရယူရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိပြီး ချေးငွေအား တစ်ဆင့်ပေးအပ်မည့် ပုဂ္ဂလိကဘဏ် Participating Financial Institution - PFIs များကိုလည်း အသစ်ပြန်လည် ရွေးချယ်သွားမည် ဖြစ်သည်။

SME နှစ်ဆင့်ချေးငွေ စီမံကိန်းအတွက် ချေးငွေရယူခြင်းအတွက် သတ်မှတ်ချက်အနေဖြင့် လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏမှာ အများဆုံး ကျပ်သန်း ၅၀၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၅ ရာခိုင်နှုန်းဖြစ်ကာ သက်တမ်းမှာ သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: