ရန်ကုန်၊ ဇန်န၀ါရီ ၈

“ခိုးတဲ့သူတွေက အရင်ကတော့ ရှိတယ်။ အဲဒီတုန်းက ဈေးကလည်း တစ်ထောင်ကျော်လေ။ အဲဒီတုန်းက ကိုယ်ဝင်းထဲ လာပြီးတော့ ခိုးတာ သိပေမယ့် ပြန်မပြောရဲဘူး။ သူတို့က လူအုပ်နဲ့ လာတာ။ ကိုယ်က အော်လို့ သိသွားရင် နေရင်းထိုင်ရင်း အသေပျောက်မှာလေ။ အခုဈေးကျတော့ ခိုးတဲ့သူကို မရှိတော့တာ” လို့ ဆိုလိုက်သူက ကိုကျော်ဋ္ဌေးဝင်း။ ကိုကျော်ဋ္ဌေးဝင်းက သူ့ရှေ့က လက်လှဲ့ ရာဘာကြိတ်စက်ထဲ လောင်မီး (ဆာလဖျူရစ်အက်ဆစ်) နဲ့ ရောမွှေသမထားတဲ့ ရာဘာအတုံးကြီးကို ထည့်ရင်း ပြောပြနေတာပါ။

သူက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က။ နေရာအတိအကျဆိုရင် ကျိုက်ထီးရိုးတောင် အောက်ခြေ၊ ကင်မွန်းစခန်းက သွားရင် မိနစ် ၃၀ လောက် လမ်းလျှောက်ရတဲ့ ဆောင်နိုင်ကြီးကျေးရွာက ရာဘာခြံတစ်ခုမှာ ပိုင်ရှင်နဲ့ အကျိုးတူ လုပ်နေသူ။ သူက တစ်ဖက်က ရာဘာကြိတ်စက်ထဲ ရာဘာပြားကို ထည့်နေရင်း “သား…ဆက်လှည့်လိုက်ဦး” လို့ တစ်ဖက်ကို ငဲ့စောင်းကြည့်ရင်း ပြောလိုက်ပါတယ်။ သူ့ဘေးမှာ ရာဘာကြိတ်စက်ကို လှည့်နေသူက အသက် ကိုးနှစ်အရွယ် သားငယ် မောင်ဝင်းဇော်ထွန်း။ သူက တတိယတန်းကျောင်းသား။ ရာဘာခြံရှိရာ နေရာတွေမှာ အသက်မွေးရတဲ့ မိဘတွေကြောင့် ကျောင်းပညာရေးကို စွန့်ခွာပြီး မိဘနဲ့အတူ လက်ရည်တစ်ပြင်တည်း အလုပ်လုပ်နေရသူ။

ကိုကျော်ဋ္ဌေးဝင်းက အရင်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဘက်က ရာဘာခြံတစ်ခုမှာ အလုပ်လုပ်ရင်းကနေ အခု အလုပ်လုပ်နေတဲ့ ရာဘာခြံဘက်ကို ပြောင်းလာပြီး ထက်ဝက်စားအနေနဲ့ လုပ်ကိုင်နေတာပါ။ ထက်ဝက်စားဆိုတာ ပိုင်ရှင်က မြေနဲ့ ရာဘာပင်တွေအတွက် အကုန်အကျခံရပြီး အကျိုးတူလုပ်သူဘက်က လုပ်အားနဲ့ တခြားသော ရာဘာပြား လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအတွက် အကုန်အကျခံရတာပါ။ ပြီးရင်တော့ ရလာတဲ့ ရာဘာပြားတွေကို ထက်ဝက်စီ ခွဲဝေယူကြရတာပါ။

သူ လုပ်နေတဲ့ ရာဘာခြံက ၁၄ ဧကကျော်ရှိပြီး ပျမ်းမျှ တစ်ရက်ကို နှစ်ပေါင်ခွဲရှိတဲ့ ရာဘာချပ်ပေါင်း ရှစ်ချပ်လောက် ထွက်တဲ့ ကိုကျော်ဋ္ဌေးဝင်းအတွက် ဝေစုကတော့ လေးချပ်ရပါတယ်။ ရာဘာပေါက်ဈေးက ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှာ တစ်ပေါင်ကို ကျပ် ၆၀၀ ကျော် သာ ဈေးပေါက်တဲ့အတွက် သူရရှိတဲ့ ဝေစုနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်ရက်ကို ကျပ် ၆၀၀၀ ကျော်သာ ၀င်ငွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အဲဒီဝင်ငွေရဖို့အတွက် သူ အပါအ၀င် သူ့ရဲ့ သားနဲ့သမီးရဲ့ လုပ်အားတွေလည်း ပါဝင်ပါတယ်။ အသက် ခုနှစ်နှစ်အရွယ် သမီးနဲ့ ကိုးနှစ်အရွယ် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းတို့က ရာဘာခြစ်တာ၊ ရာဘာပြား ထုတ်တဲ့ လုပ်ငန်းတွေ ပါဝင်ကူညီပေးနေကြရပါတယ်။ ဒါ့အပြင် အသက် ငါးနှစ်အရွယ် သားအငယ်ဆုံးကလေးက ရာဘာကြိတ်စက်မှာ ရာဘာပြားတွေ လုပ်တဲ့အခါ သူနိုင်တဲ့ ၀န်နဲ့ ၀ိုင်းဝန်းကူညီပေးတာ မပါသေးပါဘူး။

ရာဘာဈေးကလည်း ကုန်သည်ပွဲစားတွေရဲ့ ပါးစပ်ပေါ်မှာ မူတည်နေပြီး ဈေးကောင်းရတဲ့ စောင့်ဆိုင်းဖို့ဆိုတာ ကိုကျော်ဋ္ဌေးဝင်းတို့ မိသားစုအတွက် အဆင်မပြေလှပါဘူး။ နေ့စဉ် ရရှိသမျှ မိမိကိုယ်တာ ရရှိတဲ့ ရာဘာပြားတွေကို ကျိုက်ထိုမြို့ပေါ်က ပွဲရုံတွေမှာ နှစ်ရက် တစ်ခါလောက် သွားသွားရောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ ကိုကျော်ဋ္ဌေးဝင်းက ဆိုပါတယ်။ 

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: