ရန်ကုန်၊ ဇန်န၀ါရီ ၁၂

တိုငးအဆင့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ နုတ်ထွက်မှုမှာ သုံးရက်အတွင်း ခြောက်ဦးအထိ ရှိလာပြီဖြစ်ပြီး ဧရာဝတီတိုင်း ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးတစ်ဦး၊ မကွေးတိုင်း ၀န်ကြီးနှစ်ဦးနှင့် ပဲခူးတိုင်း ၀န်ကြီး နှစ်ဦးတို့ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၉ ရက်က ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး) မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘဟိန်း၊ ဇန်န၀ါရီလ ၁၀ ရက်တွင် မကွေးတိုင်း ၀န်ကြီးများဖြစ်ကြသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်တို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။


ပဲခူးတိုင်းဒေသကြီး ၀န်ကြီးများဖြစ်သည့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းဇံနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်လွင်တို့မှာ ဇန်န၀ါရီလ ၁၁ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အားလုံး၏ နုတ်ထွက်မှုမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် တင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

သို့သော် ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်နှင့် အခြားသတင်းမီဒီယာများတွင် ယင်းကဲ့သို့ နုတ်ထွက်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ နုတ်ထွက်စာတင်ရန် ပြောကြားထားမှုဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားကြသည်။

လစ်လပ်သွားသည့် ၀န်ကြီးနေရာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြည့်စွက်ခန့်ထားရမည်ဖြစ်ကာ ခန့်အပ်ခြင်းခံရသူ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတိုင်းသာ ဖြစ်ရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: